ကံဆိုးမသွားရာ မိုးလိုက်ရွာနေတဲ့ စစ်ကောင်စီ နှင့် ရက်နှစ်ဆယ်ကြာ ပျောက်ဆုံးနေသည့် ဒုချုပ်

Author ပြည်စိုး
Categories
Published on Apr 23, 2024

ဧပြီလသည် စစ်ကောင်စီအတွက် အမှောင်ဖုံးသည့် လတစ်လဟု ဆိုနိုင်ဖွယ်ရှိသည်။ နယ်စပ်ကုန်သွယ်ရေးတွင် အဓိကကျသည့် မြို့အချို့ကို ဆုံးရှုံးထားရသည့် စစ်ကောင်စီသည် အာဏာသိမ်းပြီးချိန်မှ ယခုနှစ် ဖေဖော်ဝါရီလအထိ တစ်နိုင်ငံလုံးရှိ နယ်စပ်ကုန်သွယ်ရေးအားလုံး၏ ၂၃ ရာခိုင်နှုန်းကို ကာဗာပေးထားသည့် မြဝတီမြို့ကို ကရင့်တော်လှန်ရေးအင်အားစုများထံ မဆုံးရှုံးစေရေးအတွက် အပြင်းအထန် ခုခံနေရသည်။

 

 

နယ်စပ်ကုန်သွယ်ရေးမြို့များအနက် ချင်းရွှေဟော်မြို့ကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ လွယ်ဂျယ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့က ထိန်းချုပ်ထားကြသည်။ ကုန်သွယ်ရေးဇုန်တစ်ခုဖြစ်သည့် မူဆယ် (၁၀၅)မိုင် ဂိတ်ကိုမူ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များက ပိတ်ဆို့ထားသည်။ မြဝတီမြို့ကိုပါ ထပ်မံလက်လွှတ်ရပါက စစ်ကောင်စီအတွက် နယ်စပ်ကုန်သွယ်ရေးအဓိကကျသည့် မြို့တစ်ခုကို ထပ်မံဆုံးရှုံးရမည်ဖြစ်သည်။

 

 

ဧပြီသည် စစ်ကောင်စီ ခေါင်းဆောင်နှစ်ဦးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ နှစ်ဦးအတွက် “ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ” ဟု ဆိုနိုင်ဖွယ်ရှိသည်။

 

 

ဧပြီ ၁ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နေပြည်တော်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် H. E. Rr Xijun နှင့် တွေ့ဆုံခဲ့သည်။ နှစ်နိုင်ငံ နယ်စပ်ဒေသကုန်သွယ်ရေး ကိစ္စရပ်များနှင့် ကျားဖြန့်ကိစ္စများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲများကို တွေ့ဆုံဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီ ထိန်းချုပ်ထားသည့် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။ ယင်းတွေ့ဆုံပွဲတွင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပါဝင်ခဲ့ခြင်း မရှိပေ။ ယင်းနေ့မှာပင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး (၇၇)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားသို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့်အတူ တက်ရောက်ခဲ့သည်။

 

 

ဧပြီ ၂ ရက်နေ့တွင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဗထူးတပ်နယ်သို့ သွားရောက်ကာ ခြေလျင်တပ်စုမှူး သင်တန်းသားများနှင့် ဗိုလ်လောင်းများကို တွေ့ဆုံခဲ့သည်။

 

 

ဧပြီ ၃ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စာကြည့်တိုက်များသို့ စာအုပ်ပေးအပ်ပွဲကို တက်ရောက်ခဲ့ပြီး ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်စားဟုဆိုကာ ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၂၇) သီဟတပ်ခွဲ သင်တန်းဆင်းပွဲကို တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီ ထိန်းချုပ်ထားသည့် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

 

 

ဧပြီ ၅ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရှမ်းပြည်နယ် တာချီလိတ်မြို့သို့ သွားရောက်ကာ နဂါးနှစ်ကောင်ကျောင်းတိုက် ပဓာန နာယကဆရာတော်ကြီး၏ အန္တိမအဂ္ဂိယဈာပနသို့ ကျင်းပနိုင်ရေးအတွက် သွားရောက်ခဲ့သော်လည်း ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း မပါဝင်ခဲ့ပေ။

 

 

ဧပြီ ၈ ရက်နေ့တွင် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သင်္ကြန်ပွဲတော် ဆင်နွှဲရန် ပြင်ဆင်နေသည့် ပြင်ဦးလွင်မြို့ကို တော်လှန်ရေးအင်အားစုများက ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခဲ့သည်။ စစ်တက္ကသိုလ်ဝင်ပေါက် ဗိုလ်လောင်းရုပ်တုဂိတ်အနီးကို လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့ပြီး တိုက်ခိုက်မှုကို မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

 

 

ဧပြီ ၉ ရက်နေ့တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရုံးအတွင်း ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်ကာ အစည်းအဝေးလုပ်ဆောင်နေစဉ် SHAR HTOO WAW နည်းပညာတပ်ဖွဲ့ Alpha Bats တပ်ခွဲမှ ကာမီကာဇေဒရုန်းများဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့သည်ဟု သတင်းထုတ်ပြန်လာသည်။ ဗုံးကြဲချတိုက်ခိုက်မှုကို ဧပြီ ၁၀ ရက်နေ့တွင်ပါ လုပ်ဆောင်ခဲ့ပြီး ယင်းတိုက်ခိုက်မှုအတွင်း ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ရန်ကုန်ခေတ်သစ်၏ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

 

 

ဧပြီ ၁၀ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နေပြည်တော်တွင် ဥပရောပအာရှ စီးပွားရေးကော်မရှင် ဘုတ်အဖွဲ့ဝင်၊ အကြီးစား စီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး H. E. Mr. Sergei GLAZEV နှင့် တွေ့ဆုံခဲ့သည်ဟုဆိုသည်။ ထို့နောက် စာကြည့်တိုက်များအတွက် စာအုပ်လှူဒါန်းပွဲကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထပ်မံတက်ရောက်ခဲ့ပြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်းမှာမူ ပါဝင်ခဲ့ခြင်း မရှိပေ။

 

 

ဧပြီ ၁၂ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နေပြည်တော်တွင် ဘာသာပေါင်းစုံ ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲကို တက်ရောက်ခဲ့ပြီး ယင်းတွေ့ဆုံပွဲတွင် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်း ပါဝင်ခဲ့ခြင်း မရှိပေ။

 

 

ဧပြီ ၁၃ ရက်နေ့သည် မဟာသင်္ကြန်ပွဲတော် အကြိုနေ့ဖြစ်သည်။ နှစ်စဉ် စစ်ခေါင်းဆောင်များ သင်္ကြန်ပွဲတော်တွင် စုံညီစွာ ပျော်ပါးကြသော်လည်း ယခုနှစ်တွင်မူ မမြင်တွေ့ခဲ့ရပေ။ စစ်ကောင်စီထောက်ခံသည့် မီဒီယာတစ်ခုဖြစ်သည့် People Media တွင်မူ သင်္ကြန်အကျနေ့တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒေါ်ကြူကြူလှတို့သည် ပြင်ဦးလွင်သို့ ရောက်ရှိနေပြီး တပ်နယ်မိသားစုများနှင့် တွေ့ဆုံကာ အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်ဟုဆိုသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သင်္ကြန်ပွဲတော် မတက်ရောက်ရခြင်းမှာ ခြေထောက်နာနေခြင်းကြောင့်ဖြစ်ပြီး သင်္ကြန်ပွဲတော်မတက်ရောက်ဘဲ ယင်းနေ့မှာပင် နေပြည်တော်သို့ ပြန်သွားသည်ဟုဆိုသည်။ မည်သည့်အတွက် ခြေထောက်နာနေသည်ကိုမူ ဖော်ပြထားခြင်း မရှိသည့်အပြင် အဆိုပါ သတင်းအား People Media မှ ရေးသားသည့်နေ့စွဲသည် ဧပြီ ၁၆ ရက်နေ့ဖြစ်သည်။

 

 

ဧပြီ ၁၆ ရက်နေ့ သင်္ကြန်အတက်နေ့တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီး ဒေါ်ကြူကြူလှသည် ပြင်ဦးလွင် တပ်နယ်ရှိ သင်္ကြန်ပွဲတော်ကို တက်ရောက်ခဲ့သည်ဟု စစ်ကောင်စီထိန်းချုပ်ထားသည့် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားခဲ့ပြီး People Media မှ ရေးသားထားခဲ့သည့် ခြေထောက်နာနေသည်ဟုဆိုသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့ခြင်း မရှိပေ။ ဧပြီ ၁၃ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ နေပြည်တော်သို့ ပြန်သွားသည်ဟုဆိုသည့် ဒေါ်ကြူကြူလှသည် နောက်ထပ်တစ်ကြိမ် ပြင်ဦးလွင်သို့ တစ်ဦးတည်း လာရောက်ခြင်းလားဟု မေးခွန်းထုတ်စရာ ရှိနေခဲ့သည်။

 

 

ဧပြီ ၁၇ ရက်နေ့ထုတ် စစ်ကောင်စီထိန်းချုပ်ထားသည့် နိုင်ငံပိုင်သတင်းစာများတွင်မူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ နှစ်သစ်ဆုတောင်းစကားကို ဖော်ပြထားသည်။ သတင်းစာများတွင် စစ်ကောင်စီအဖွဲ့ဝင် ဦးဝဏ္ဏမောင်လွင်၊ စစ်ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူနှင့် အခြားသော စစ်ကောင်စီနှင့် နီးစပ်သည့် ရဟန်းသံဃာများ လူပုဂ္ဂိုလ်များ၏ ဆုတောင်းစကားများကို ထည့်သွင်းဖော်ပြထားသော်လည်း ဒရုန်းဖြင့် ဗုံးကြဲခံရခြင်းကြောင့် ဒဏ်ရာရရှိနေသည်ဟုဆိုသော ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ဆုတောင်းစကားမပါဝင်ခဲ့ဘဲ ၎င်းမှာ ဆက်လက်ပျောက်ဆုံးနေခဲ့သည်။

 

 

ဧပြီ ၂၂ ရက်နေ့တွင်မူ စစ်ကောင်စီ၏ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၄/၂၀၂၄) ကို နေပြည်တော်တွင် ကျင်းပခဲ့သည်။ ယင်းအစည်းအဝေးကို စစ်ကောင်စီ၏ ပြည်ထောင်စုဝန်ကြီးများ ၊ တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်များ စုံညီစွာ တက်ရောက်ခဲ့သော်လည်း ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်း ပါဝင်လာခဲ့ခြင်း မရှိပေ။

 

 

ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်း ပျောက်ဆုံးနေခဲ့သည်မှာ ယနေ့ဆိုလျှင် ရက် ၂၀ ပြည့်ပြီဖြစ်သည်။

 

ဧပြီလ ၃ ရက်နေ့ ဗိုလ်လောင်းသင်တန်းဆင်းပွဲမှ စတင်ကာ လူမြင်ကွင်းမှ ပျောက်ဆုံးသွားသော ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်းသည် ဧပြီ ၉ နှင့် ၁၀ ရက်နေ့များတွင် ဒရုန်းဖြင့် ဗုံးကြဲခံရသည့် ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး အိန္ဒိယနိုင်ငံမှ ဆရာဝန်များပါ ပင့်ဖိတ်ကုသနေရသည်ဟု ရန်ကုန်ခေတ်သစ်၏ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။ ၎င်း ဒဏ်ရာရရှိမှုအခြေအနေကို စစ်ကောင်စီမှ သတင်းထုတ်ပြန်ခြင်း တစ်စုံတစ်ရာမရှိခဲ့သော်လည်း မဟာသင်္ကြန်ပွဲတော်တစ်လျှောက် ၎င်းသာမက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း မပျော်နိုင်ဘဲ ပျောက်ဆုံးခဲ့ရသည်။

 

ထို့ပြင် နှစ်သစ်ဆုတောင်းစကားပါ မပါးနိုင်ခဲ့သည့် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်း မည်သည့်နေရာသို့ ရောက်ရှိနေသနည်း။

 

 

စစ်ကောင်စီထိန်းချုပ်ထားသည့် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြသည့် သတင်းများအရ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၃ ခုနှစ် နိုဝင်ဘာမှစတင်ကာ စစ်တပ်နှင့် ပတ်သက်သည့် တွေ့ဆုံပွဲနှင့် စစ်ရေးအရ အရေးပါသည့် တွေ့ဆုံပွဲအများစုကို တက်ရောက်ခြင်း မရှိတော့ဘဲ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသာ တက်ရောက်လေ့ရှိသည်ကို စိစစ်တွေ့ရှိရသည်။ ၎င်းသည် အုပ်ချုပ်ရေးဆိုင်ရာတွေ့ဆုံပွဲများနှင့် ဘာသာရေးပွဲများ လူမှုရေးပွဲများကိုသာ တက်ရောက်အချိန်ကုန်နေလေ့ရှိနေသည်။

 

 

စစ်ရေးအရ မြဝတီမြို့ မကျဆုံးရေးနှင့် အခြားသော စစ်မျက်နှာများတွင် အကြီးအကျယ် အရေးနိမ့်နေကာ အရေးကြီးနေသည့် အချိန်ခါတွင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းမှာ ရက် ၂၀ ကြာ လူမြင်ကွင်းမှ ပျောက်ဆုံးနေခဲ့သည်။

 

 

ဧပြီလသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မည့် ပြင်ဦးလွင် သင်္ကြန်ပွဲ ရှော့တိုက်ဒုံးဖြင့် အပစ်ခံရသည်။ ၎င်းကိုယ်တိုင် ခြေထောက်နာနေသည်ဟု သတင်းစကားများက ဆိုသည်။ ဒေါ်ကြူကြူလှသည် အတက်နေ့သင်္ကြန်ပွဲကို အဖော်မပါ တစ်ကိုယ်တည်း ဖြတ်သန်းလိုက်ရသည်။ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် သင်္ကြန်ပွဲတော်အတွင်း ပျောက်ဆုံးကာ နှစ်သစ်ကူးဆုတောင်းပင် ထုတ်ပြန်လာနိုင်ခြင်း မရှိခဲ့သလို ၎င်းတက်ရောက်နေသည်ဟုဆိုသည့် အစည်းအဝေးပွဲကို ဒရုန်းဖြင့် ဗုံးကြဲခံရသည်။ “ကံဆိုးမသွားရာ မိုးလိုက်လို့ ရွာနေပြီလား”ဟု မေးရတော့မည်ဖြစ်သည်။