ကနေဒီတောင် တပ်စခန်းကို CNA ဦးဆောင်တဲ့ ချင်းပူးပေါင်းတပ် စစ်ကောင်စီလက်မှ ပြန်သိမ်း

Author ဆလိုင်း
Categories
Published on Jun 22, 2024

ချင်းပြည်၊ တီးတိန်မြို့နယ်က ပြီးခဲ့တဲ့ရက်ပိုင်းထဲ စစ်ကောင်စီသိမ်းယူလိုက်တဲ့ ကနေဒီတောင်တပ်စခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဘက်က ပြန်လည်သိမ်းယူနိုင်ခဲ့တယ်လို့ ချင်းလဲန်းကာကွယ်ရေးတပ်(ဟွာလ်ငို) ထံမှ သိရပါတယ်။

 

ချင်းပြည်(မြောက်ပိုင်း)က စစ်ရေးအရအရေးပါတဲ့ ကနေဒီတောင် တပ်စခန်းကို မနေ့ ဇွန်လ ၂၁ ရက်နေ့မှာ ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေက ပြန်လည်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

 

အဲဒီတပ်စခန်းကို ချင်းကာကွယ်ရေးတပ်တွေ သိမ်းယူပြီး ဒီနေ့ ဇွန်လ ၂၂ ရက်နေ့ မနက်ပိုင်းမှာ လိုအပ်တဲ့ နယ်မြေရှင်းရေးတွေ ဆောင်ရွက်ပြီးစီးပြီး ပြန်လည်တပ်စွဲထားတယ်လို့ CDF(ဟွာလ်ငို)မှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ပြောပါတယ်။

 

“ကနေဒီတောင်တပ်စခန်းကို ကျွန်တော်တို့ မနေ့က ပြန်ရတယ်။ အဲဒီစခန်းက အင်အား ၁၀ဝ ခန့်ဟာ သိုင်းငင်းဘက်ကို စစ်ကြောင်းထိုးတယ်။ သိုင်းငင်းစခန်းကို ကျွန်တော်တို့ ထိန်းချုပ်ဆဲဖြစ်ပါတယ်။ ရွာအနီးနား ဝန်းကျင်မှာ စစ်ကောင်စီတွေ ရှိတယ်။ အရင်ရက်တွေက ထိတွေ့မှုရှိတယ်။ အခု ထိတွေမှုကတော့ မရှိသေးဘူး” လို့ သူက ဆိုပါတယ်။

 

အဲဒီ ကနေဒီတောင်တပ်စခန်းကို CDF-Hualngoram အပါအဝင် ချင်းအမျိုးသားတပ်မတော်(CNA)၊ CDF CDM-Siyin ၊ PDA(တီးတိန်)၊ Kalay-PDF SR 6 တို့မှ ပူးပေါင်းသိမ်းပိုက်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

 

ချင်းညီနောင်အဖွဲ့ဝင် PDF(Zoland)သိမ်းပိုက်ရရှိထားတဲ့ ကနေဒီတောင်တပ်စခန်းကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်နေ့က ပြန်လည်သိမ်းပိုက်ရရှိထားခြင်းဖြစ်ပါတယ်။

 

အဲဒီ ကနေဒီတောင် တပ်စခန်းကို သိမ်းပိုက်ရရှိတဲ့ စစ်ကောင်စီတပ်ဟာ CDF CDM-Siyin သိမ်းပိုက်ရရှိထားတဲ့ သိုင်းငင်းတပ်စခန်းသို့ ဆက်လက်စစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။

 

အဲဒီ စစ်ကြောင်းဟာ သိုင်းငင်းစခန်းကို ထိုးစစ်ဆင်ပေမဲ့ အထိနာပြီး ပြန်လည်ဆုတ်ခွာကာ သိုင်းငင်းရွာ အနီးနားဝန်းကျင်မှာ ယာယီစခန်းချ တပ်စွဲထားတယ်လို့ CDF(ဟွာလ်ငို)မှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“ကျွန်တော်တို့ သိုင်းငင်းစခန်းနဲ့ အဲဒီ တောင်ကြောတစ်လျောက်ကို ထိန်းချုပ်ထားသေးပါတယ်။ စစ်ကောင်စီက တပ်စခန်းအနားကို ထိုးစစ်ဆင်တယ်။ ကျွန်တော်တို့ကနေ မိုင်းတွေ ပြန်လည် ခုခံတိုက်ခိုက်နေပါတယ်။ စစ်ကောင်စီဘက်က အထိနာများလို့ ပြန်ဆုတ်ပြီး ရွာအနား တောင်ကုန်းမှာ တပ်ချနေပါတယ်” လို့ သူက ဆိုပါတယ်။

 

သိုင်းငင်းတပ်စခန်းကို CDF CDM-Siyin ပူးပေါင်းမဟာမိတ်တပ်က ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၆ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ရရှိထားပါတယ်။

 

ဓာတ်ပုံ – PDA-တီးတိန်