ဟားခါးမှာ တော်လှန်ရေး အမည် အလွဲသုံးစားလုပ်ပြီး အကြမ်းဖက်မှုတွေ ကျူးလွန်နေတာကြောင့် ပြည်သူတွေ စိုးရိမ်နေ
စစ်အုပ်စု ထိန်းချုပ်ထားတဲ့ ချင်းပြည်၊ ဟားခါးမြို့မှာ အခုရက်ပိုင်း လူငယ်တစ်စုဟာ တော်လှန်ရေး အမည် အလွဲသုံးစားလုပ်ပြီး အကြမ်းဖက်မှုတွေ ကျူးလွန်နေတာကြောင့် မြို့ခံ ပြည်သူတွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
အဆိုပါ လူငယ်တစ်စုဟာ ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ ချင်းကာကွယ်ရေးတပ် (CDF) တပ်ဖွဲ့ဝင်တွေ ဖြစ်ကြတယ်လို့ အမည်ခံပြီး သေနတ်နဲ့ ဗုံးအတုတွေ ကိုင်ဆောင်ကာ ခိုးဆိုးလုယက်တာ၊ ရမ်းကားတာတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
“တစ်ခါတစ်လေ ညဘက် လူငယ် ၃ ယောက်လောက် လက်ပစ်ဗုံးလိုလို၊ သေနတ်လိုလို ကိုင်ဆောင်ပြီး သွားလာတာ တွေ့ရတယ်။ တချို့အိမ်တွေကို အဝင်/အထွက် လုပ်တာလည်း ရှိတယ်။ သူတို့ကိုယ်သူတို့ တော်လှန်ရေး ရဲဘော်တွေဆိုပြီး အိမ်ထဲက ပစ္စည်းတွေ လုယူတာ၊ အကြမ်းဖက်တာတွေ လုပ်လာပါတယ်” လို့ ဟားခါး မြို့ခံတစ်ဦးက CJ Platform ကို ပြောပြပါတယ်။
တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ အမည်တွေကို အသုံးချပြီး အခုလို လူငယ်တစ်စုက ကိုယ်ကျိုးအတွက် အကြမ်းဖက်မှုတွေ လုပ်နေတာကြောင့် မြို့ခံ ပြည်သူတွေအနေနဲ့ လုံခြုံရေးအတွက် စိုးရိမ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
“CDF ရဲ့ နာမည် အသုံးချပြီး အခုလို လုပ်တာ ကြာပါပြီ။ ကျွန်တော်တို့က လုံခြုံရေးအတွက် အားလုံးက ငြိမ်နေကြတာပါ။ အခုက အခြေအနေ ဆိုးနေတယ်။ ညဘက်တွေဆိုရင် ခြံတံခါး လုံခြုံအောင် ပိတ်ပြီး အရေးပေါ် ကိစ္စကလွဲလို့ အပြင် မထွက်ရဲကြတော့ဘူး။ ပြည်သူတွေကြားမှာလည်း စိုးရိမ်မှု အခြေအနေ ဖြစ်လာတယ်” လို့ ဟားခါး မြို့ခံတစ်ဦးက CJ Platform ကို ပြောပြပါတယ်။
ဒါကြောင့် သက်ဆိုင်ရာ တော်လှန်ရေး အဖွဲ့အစည်းတွေအနေနဲ့ အမြန်ဆုံး ဖြေရှင်းပေးဖို့ မြို့ခံတွေက တိုက်တွန်းထားကြတာပါ။
CDF (ဟားခါး) က CNA နဲ့ CDF အမည်ကို အလွဲသုံးစားလုပ်ပြီး ပြစ်မှု ကျူးလွန်နေသူတွေကို သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေအတိုင်း ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ မနေ့က ဩဂုတ်လ ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာလည်း ကျူးလွန်သူတွေကို ဖမ်းဆီးနိုင်ရေး လိုက်လံ ရှာဖွေနေပြီး ပြည်သူတွေအနေနဲ့ သိရှိသမျှကို ပူးပေါင်း ကူညီပေးကြဖို့လည်း တောင်းဆိုထားပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
CJ 005
