တစ်လအတွင်း ဝက်လက်က ကျေးရွာပေါင်း ၂၀ခန့်ကို စစ်အုပ်စုက မီးရှို့ဖျက်ဆီး
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း လှည့်လည် စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုဟာ တစ်လကျော်အတွင်း ကျေးရွာ ၂၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက စုံစမ်းရရှိပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ လဆန်းပိုင်းကစလို့ နိုဝင်ဘာ ၂၀ ရက်နေ့အထိ ဝက်လက်မြို့နယ်က ရွာတော်ကုန်း၊ တမာကုန်း၊ တံတားဦး၊ ထုံးဘို၊ မူးကြီး၊ လိန်ပင်၊ ပင်ဇင်း၊ လှတော စတဲ့ ကျေးရွာ ၂၀ ခန့်ကို ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

“နေအိမ်ပျက်စီးမှု အနေထားတွေတော့ အတိအကျ မသိရသေးဘူး” လို့ Wetlet Informational Network တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

စစ်အုပ်စုရဲ့ စစ်ကြောင်းဟာ ဝက်လက်မြို့နယ်အတွင်း ဆက်လက် စစ်ကြောင်းထိုး မီးရှို့မှုတွေ လုပ်ဆောင်နေပြီး စစ်ကြောင်းထိုးနေစဉ်မှာ ဒေသခံတွေကို ဓားစားခံ လူသားဒိုင်းအဖြစ် ဖမ်းဆီးတာတွေ လုပ်ဆောင်နေတာကြောင့် မီးရှို့ခံရတဲ့ ကျေးရွာတွေက ဒေသခံတွေဟာ နေရပ်မပြန်နိုင်သေးဘဲ ပျက်စီးမှုတွေကို အတိအကျ မသိရသေးပါဘူး။

မီးရှို့ခံရတဲ့ ကျေးရွာတွေထဲ ဥယျာဉ်ကျေးရွာက နေအိမ် ၁၄ လုံး၊ လှတောကျေးရွာမှာ နေအိမ် ၈၀ ခန့်နဲ့ ပင်ဇင်းကျေးရွာက နေအိမ် ၆၀ ခန့် စိုးရိမ်စရာအထိဆုံးရှုံးထားရတယ်လို့ Wetlet Informational Network ဆီက သိရပါတယ်။

ဒါ့အပြင် ဘုရားပြန်ကျေးရွာကိုလည်း စစ်အုပ်စု စစ်ကြောင်းဟာ နိုဝင်ဘာ ၂၀ ရက်နေ့ကစလို့ ဒီကနေ့ နိုဝင်ဘာ ၂၂ ရက်နေ့အထိ ၃ ရက်ဆက် မီးရှို့မှုတွေ လုပ်ဆောင်နေတယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်အာဏာသိမ်းကာလအတွင်း အရပ်သားနေအိမ်တွေ မီးရှို့ခံရမှုအခြေအနေတွေကို စာရင်းပြုစုနေတဲ့ အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ အစီရင်ခံစာ ထုတ်ပြန်ချက်အရ စစ်အုပ်စုရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် တစ်သန်းကျော် ပျက်စီးခဲ့ရပြီး တစ်နိုင်ငံလုံး ပျက်စီးမှုအနက် စစ်ကိုင်းတိုင်းက ထိခိုက်ပျက်စီးမှု အများဆုံး ဖြစ်ပါတယ်။
စစ်အုပ်စုရဲ့ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုတွေကြောင့် ဝက်လက်မြို့နယ်က ဒေသခံ နှစ်သောင်းကျော်ဟာ ဘေးလွတ်ရာကို ပြေးရှောင်နေကြရပြီး စစ်ကြောင်း ရှိနေသေးတဲ့အတွက် နေရပ်မပြန်နိုင်သေးဘဲ ရှိနေပါတယ်။
စစ်ဘေးရှောင်နေရတာဟာ ရက်ရှည်ကြာလာသည်နှင့်အမျှ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ စောင်၊ အနွေးထည်တွေ လည်း လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီသူတွေဆီက သိရပါတယ်။
ဓာတ်ပုံ – ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ
ပုံစာ – ပင်ဇင်းကျေးရွာ မီးရှို့ဖျက်ဆီးခံရသော နေအိမ်များ
