ကျပ် ၂၇ ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးတွေ ကွင်းဆက် ဖမ်းမိ
ရှမ်းပြည်(တောင်ပိုင်း)၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတွေက မူးယစ်ရောင်း/ဝယ်သူတွေကို ကွင်းဆက်အရ ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီသတင်းစာတွေကနေ ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကျီကုန်းကျေးရွာလမ်းဆုံမှာ ကလေးဝကနေ ကလေးဘက် မောင်းနှင်လာတဲ့ ကုန်တင်ယာဉ်ပေါ်က ဘိန်းဖြူတွေ အမျိုးသားနှစ်ဦးဆီကနေ ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်နေ့က ပထမဆုံးဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် သူတို့ကို စစ်ဆေးမေးမြန်းရာကနေ မန္တလေးတိုင်း၊ ချမ်းမြသာစည်၊ မဟာအောင်မြေနဲ့ ပြည်ကြီးတံခွန်မြို့နယ်တွေက အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားငါးဦးတို့ကို ထပ်မံဖမ်းမိခဲ့သလို ကလေးမြို့က အမျိုးသား သုံးဦးတို့ကို မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်အရ သိရပါတယ်။
သူတို့ဟာ ရှမ်းပြည်တောင်ပိုင်းကနေ မန္တလေးမြို့ကို သယ်ဆောင်ပြီး ကလေးမြို့မှာ သိုလှောင်ပြီးနောက် မြန်မာ-အိန္ဒိယနယ်စပ်ကနေ အိန္ဒိယနိုင်ငံထဲ ရောင်း/ဝယ်ခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။
အဲဒီလိုပဲ ထိန်းချုပ်ဓာတုပစ္စည်းတွေကို အိန္ဒိယဘက်က တရားမဝင်တင်သွင်းခဲ့ကြတဲ့ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင် ၂၁ ဦးကိုလည်း ဖော်ထုတ်နိုင်ခဲ့ပြီး ဥပဒေအရအရေးယူထားပြီးဖြစ်တယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
အခုဖမ်းဆီးရမိမှုမှာ ဘိန်းဖြူ ၁၅၀ ကီလို၊ စိတ်ကြွဆေးပြား ၅ ဒသမ ၅၁ သန်း၊ အိုက်စ် ၄၁၂ ကီလိုနဲ့ ထိန်းချုပ်ဓာတုကဖင်း သုံးတန်တို့ဖြစ်ပြီး တန်ဖိုး ၂၇ ဒသမ ၅၇ ဘီလျံကျော်ဖြစ်တယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်အရ သိရပါတယ်။
ဓာတ်ပုံ – Pro-SAC