ဘန်ကောက်မှာ လေထုညစ်ညမ်းမှုကြောင့် စာသင်ကျောင်း  ၁၀၀ ကျော် ပိတ်လိုက်ရ၊ အလုပ်တွေကိုလည်း နေအိမ်ကနေ လုပ်ဖို့တိုက်တွန်း

Author CJ Platform
Categories
Published on Jan 22, 2025

ထိုင်းနိုင်ငံတဝန်း နေရာအများစုနဲ့ မြို့တော် ဘန်ကောက်မှာပါ လေထုညစ်ညမ်းမှုက ပိုပြီးဆိုးရွားလာတာကြောင့် ဘန်ကောက်မြို့အာဏာပိုင်တွေဟာ စာသင်ကျောင်း ၁၀၃ ကျောင်းကို ပိတ်ဖို့ ဒီကနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ညွှန်ကြားလိုက်တယ်လို့ ဒေသတွင်း သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

စာသင်ကျောင်းတွေကို ယမန်နေ့ ဇန်နဝါရီ ၂၁ ရက်နေ့က စတင်ပိတ်လိုက်တာဖြစ်ပြီး လေထု အရည်အသွေးပေါ်မူတည်ပြီး လာမယ့် ကြာသပတေးနေ့ ဒါမှမဟုတ် သောကြာနေ့မှာ ကျောင်းတွေ ပြန်ဖွင့်နိုင်တယ်လို့ ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့ (BMA) က ဆိုပါတယ်။

 

ပိတ်လိုက်ရတဲ့ ကျောင်းတွေကိုတော့ ရုံးပိတ်ရက်တွေမှာ အစားထိုးအတန်းတွေ ပြန်ခေါ်တာ ဒါမှမဟုတ် အွန်လိုင်းအတန်း‌တွေနဲ့ သင်ကြားပေးတာတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

 

BMA ရဲ့  ပြောရေးဆိုခွင့်ရှိသူ အက်ခ်ဝမ်ရာယူ အမ်မရာပန်က ပုဂ္ဂလိကကဏ္ဍက ကုမ္ပဏီတွေကိုလည်း နေအိမ်တွေကနေပဲ အလုပ်တွေလုပ်ဖို့ (WFH) အတွက် အစီအမံတွေ ချမှတ်ဖို့ ယမန်နေ့က တိုက်တွန်း‌ထားပါတယ်။

 

ပြီးခဲ့တဲ့နှစ်ရက်အတွင်းမှာ  အလုပ်သမားပေါင်း ၁၀၀,၀၀၀ လောက် (WFH) မှာ ပါဝင်ခဲ့ကြပေမဲ့ လူပေါင်း ၂၀၀,၀၀၀ လောက် ပါဝင်လာတာကို မြင်ချင်ပါတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့တွေထဲမှာ အဆင့် ၁၆ ရှိနေတဲ့ ဘန်ကောက်မြို့ရဲ့ ဒီကနေ့ ဇန်နဝါရီ ၂၂ ရက်နေ့မနက်ပိုင်း လေထုအရည်အသွေးက ဆိုးဆိုးရွားရွား ညစ်ညမ်း‌နေပြီး  အချင်း ၂ ဒသမ ၅ မိုက်ခရိုမီတာထက် သေးငယ်တဲ့ အမှုန်လေးတွေ (PM 2.5) ဟာ တစ်ကုဗမီတာကို ၆၂ ဒသမ ၆ ဂရမ်အထိရှိနေတယ်လို့ BMA ရဲ့ လေထုအရည်အသွေးသတင်းအချက်အလက် စင်တာရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဒါဟာ မြို့တော် လေထုဘေးကင်းရေး သတ်မှတ်ချက်ဖြစ်တဲ့ ၃၇ ဒသမ ၅ ထက် အတော်များများကျော်လွန်နေပြီး သုံးရက်ဆက်တိုက် အခုလိုမျိုး ကျော်လွန်ခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

 

ဘန်ကောက်မြို့ရဲ့ အပိုင်းငါးပိုင်းရဲ့ လေထုဟာလည်း ဘေးကင်းရေး အဆင့်ထက် များစွာကျော်လွန်ခဲ့ပြီး အဲဒီ အပိုင်းတွေက  နွန်ခအန် (၈၆ ဒသမ ၂)၊ ဘန်ခွန်တီယန် (၈၀ ဒသမ ၂)၊ ဖာစီချရွန် (၈၀)၊ တာဝီဝတ်တနာ (၇၆ ဒသမ ၃) နဲ့  ဘန်ဘော (၇၅ ဒသမ ၈) တို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

 

အဲဒီ စင်တာက ဘန်ကောက်မြို့မှာ နေထိုင်တဲ့သူတွေအနေနဲ့  Mask တွေဝတ်ဆင်တာ၊ အပြင်ထွက်ပြီး အချိန်ဖြုန်းတာကို ရှောင်ကြဉ်တာနဲ့ တတ်နိုင်သမျှ အိမ်ကနေပဲ အလုပ်လုပ်ကြဖို့ အကြံပြုထားပါတယ်။

 

ဒါ့အပြင် ချောင်းဆိုးတာ၊ မျက်စိယားယံတာ ဒါမှမဟုတ် အသက်ရှူရခက်တဲ့ လက္ခဏာတွေ ခံစားခဲ့ရရင် ဆရာဝန်နဲ့ ပြသသင့်တယ်လို့လည်း ထပ်ပြီး အကြံပြုထားပါတယ်။

 

ဘန်ကောက်မြို့မှာ လေထုညစ်ညမ်းမှုဟာ သောကြာနေ့အထိ ထပ်ပြီးဆိုးရွားလာနိုင်ပေမဲ့ စနေနဲ့ တနင်္ဂနွေနေ့တွေမှာတော့ အခြေအနေကောင်းမွန်လာနိုင်တယ်လို့ လေထုအရည်အသွေး သတင်းအချက် အလက်စင်တာက ‌ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – Pravit Rojanaphruk

 

ပုံစာ- လေထုညစ်ညမ်းမှုကြောင့် မြူတွေ ဖုံးသလိုဖြစ်နေတဲ့ ဘန်ကောက်မြို့ကို ဒီကနေ့ ဇန်နဝါရီ ၂၂ ရက် မနက်အစောပိုင်းမှာ တွေ့မြင်ရစဉ်

 

ကိုးကား – The Nation Thailand , Khaosod English