တစ်ကျော့… နှစ်ကျော့ ‘ဆီ’ တန်းစီ

Author ကိုထားဝယ်၊ ကိုထက်
Categories
Published on Jun 20, 2024

စစ်ကောင်စီလက်ထက် အခက်အခဲပေါင်း သောင်းခြောက်ထောင်နဲ့ အတူယှဉ်တွဲနေထိုင်နေကြရလို့ မြန်မာနိုင်ငံသူ/သားတွေကို အခက်အခဲဆိုတာ ‘ဘာလဲ’ လို့ မေးပါက ‘ချို’(ဂျို)နဲ့လားလို့ ပြန်ဖြေကြရတော့မယောင်ယောင်။

 

အဘယ်ကြောင့်ဆိုသော် ဖော်ပြလို့မရနိုင်အောင် မြန်မာပြည်သူတွေရဲ့ နေ့စဉ်ဘဝမှာ အခက်အခဲတွေက များလှပါတယ်။

 

အခုလည်း တစ်ကျော့ပြန် စားအုန်းဆီ ပြတ်လပ်ပြီး ဈေးကြီးမြင့်မှု အခက်အခဲနဲ့ ပြည်သူလူထု ပြန်လည် ရင်ဆိုင်နေကြပြန်ပါပြီ။

 

ဘယ်လောက်ထိ အခြေအနေဆိုးမလဲ မတွက်ဆနိုင်ကြသေးပါဘူး။

 

ဒီတစ်ခါ စားဆီပြတ်လပ်မှုက အရင်တစ်ခေါက်ဖြစ်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလထဲကနဲ့တွက်ရင် ခုနစ်လအကြာ မေလ နှောင်းပိုင်းက ပြန်စလာတာပါ။ အရင်ကလိုပဲ ဈေးနှုန်းမြင့်တက်မှုကလည်း အနောက်ကနေ ထက်ကြပ်လိုက်လာနေပါတယ်။

 

“အရင်နှစ်တုန်းကဖြစ်ခဲ့တာကို မေ့မလို့ရှိသေးတယ်။ အခုပြန်ဖြစ်တော့တာပဲ” လို့ အိမ်ထောင်ရှင်မတစ်ဦးက ငြီးတွားပါတယ်။

 

သူမဟာ ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုန်းမြို့နယ်တစ်ခုဖြစ်တဲ့ ရွှေပြည်သာက ကျဘမ်းလက်လုပ်စားအမျိုးသားတစ်ဦးရဲ့ ဇနီးဖြစ်ပါတယ်။ ဒါကြောင့် စားအုန်းဆီကို နေ့စဉ် စားသုံးနေကြသူတွေမလို့ စားဆီက သူတို့အတွက် မဖြစ်မနေလိုအပ်တဲ့ စားသုံးကုန်တစ်ခုလည်း ဖြစ်နေပါတယ်။

 

ဒါပေမဲ့ ဒီတစ်ခေါက်မှာတော့ မနှစ်ကနဲ့မတူတဲ့ ထူးခြားမှုတစ်ခုရှိနေပါတယ်။

 

ဒါကတော့ အနည်းအများမသတ်မှတ်ဘဲ ၅၀ ကျပ်သား ဝယ်ယူသူကအစ မှတ်ပုံတင် (သို့မဟုတ်) အိမ်ထောင်စုဇယားမိတ္တူ တောင်းတာပါ။ ဒါကို ကိုယ်စားလှယ်ယူရောင်းသူတွေက သူတို့ကိုပေးတဲ့ ကုန်သည်တွေက ပြန်ပြခိုင်းလို့ဖြစ်တယ်လို့ ဆိုပါတယ်။

 

“သူတို့က လုပ်ခိုင်းသေးတာက မှတ်ပုံတင်ပါရင် မှတ်ပုံတင်ပြခိုင်းရမယ်။ သန်းခေါင်စာရင်းမိတ္တူကို လာဝယ်တိုင်းတောင်းထားရမယ်။ ဓာတ်ပုံပါရိုက်ခိုင်းတယ်။ ရုံးကိုပြန်ပြရမယ်ပေါ့” လို့ ရန်ကုန်က စားအုန်းဆီ ကိုယ်စားလှယ်ယူရောင်းနေသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

နောက်ပြီး ဆီကိုယ်စားလှယ်တွေဆီ ဆီခွဲတမ်းကလည်း ဇွန်လဆန်းပိုင်းကစပြီး အရင်ကထက် တစ်ပေပါ လျော့သွားသလို ချပေးတဲ့ ရက်ကလည်း အရင်ကထက် နောက်ဆုတ်သွားတယ်လို့ ကိုယ်စားလှယ်ယူသူတွေဆီကနေ သိရပါတယ်။

 

“အရင်က တစ်ခါချပေးရင် သုံးပေပါပေါ့။ နှစ်ရက်တစ်ခါလောက် ရတယ်။ အခုက လေးငါးရက်နေမှတစ်ခါချပေးရင် ကိုယ်စားလှယ်ဆိုင်တစ်ဆိုင်ကို နှစ်ပေပါလောက်ပဲပေးတော့တယ်” လို့ အထက်ပါဆီကိုယ်စားလှယ်က ထပ်ပြောပါတယ်။ ဒါကြောင့် အရင်လို ဆီမရောင်းပေးနိုင်တော့ပေမဲ့ ဆီရတာနဲ့ ရောင်းချပေးနေပါတယ်လို့ သူက ဆိုပါတယ်။

 

အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်ထဲ စားအုန်းဆီတစ်ပိဿာ ၁၈၀၀ ကျပ်သာရှိခဲ့ပေမဲ့ စားအုန်းဆီလိုသလောက် ရနေခဲ့တာပါ။

 

စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော်အကြာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလထဲကစလို့ ပြည်တွင်းမှာ စားအုန်းဆီပြတ်လပ်မှု စတင်ရင်ဆိုင်ခဲ့ရပြီး အောက်တိုဘာလထဲ စားဆီတစ်ပိဿာ ၁၂,၀၀၀ မှ ၁၃,၀၀၀ ကျပ်အထိ ဈေးပေး ဝယ်ယူခဲ့ကြရပါတယ်။

 

အဲဒီတုန်းက အခြေခံလူတန်းစားတွေ စားဆီရဖို့ မနက်မိုးမလင်းခင်ကတည်းက အမောတကော တိုးဝှေ့ဝယ်ယူခဲ့ကြလို့ မူးမေ့လဲသူကျသူတွေရှိခဲ့သလို တန်းစီရင်း ခိုက်ရန်ဖြစ်ပွားတာတွေလည်း ရှိခဲ့တာပါ။

 

အခုလည်း စားအုန်းဆီတွေ ပြတ်လပ်ပြီး ပြင်ပ ဈေးကွက်ထဲ တစ်ပိဿာကို ၈၀၀၀ မှ ၁၂,၀၀၀ ကျပ်ကျော်အထိဈေးနှုန်းတဖြည်းဖြည်းမြင့်တက်လာနေတယ်လို့ စားသုံးသူတွေဆီကနေ သိရပါတယ်။

 

ဒီလိုဖြစ်နေချိန်မှာပဲ စစ်ကောင်စီ စီးပွား/ကူးသန်းဝန်ကြီးဌာနရဲ့ စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကနေ ကမ္ဘာ့ဈေးပေါ်အခြေခံတွက်တယ်ဆိုပြီး တစ်ပိဿာ ၅၃၇၀ ပဲရောင်းဖို့ ညွှန်ကြားချက်ထုတ်ပြန်လာပါတယ်။

 

စစ်ကောင်စီဝန်ကြီးဌာနက မလေးရှားနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ဆိပ်ကမ်းအရောက်ဈေးနှုန်း(FOB)တွေကနေ အခြေခံပြီး မြန်မာနိုင်ငံသို့ သယ်ယူစရိတ်၊ ဘဏ်စရိတ်၊ အခွန်တွေအပေါ်တွက်ချက်ပြီး ပြည်တွင်းမှာပြန်ရောင်းရမယ့် လက်ကားဈေးနှုန်းကို ပြန်သတ်မှတ်တာလို့ ဆိုပါတယ်။

 

အခုစစ်ကောင်စီရဲ့ စားဆီဈေးဟာလည်း ပြင်ပဈေးကွက်လိုပဲ လိုက်ပါမြင့်တက်လာတာကိုတွေ့ရပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလထဲက တစ်ပိဿာ ၄၈၀၀ ကျပ်နဲ့ရောင်းဖို့ စစ်ကောင်စီက သတ်မှတ်ခဲ့ပေမဲ့ အခုတော့ တစ်ပိဿာ ၅၃၇၀ ကျပ် တက်ပြီးရောင်းဖို့ သတ်မှတ်လာတာဖြစ်ပါတယ်။

 

ဒါပေမဲ့ တိုးဆီဈေးကွက်ထဲမှာ တစ်ပိဿာ ၅၈၀၀ ကနေ ၆၀၀၀ ကျပ် ပေးဝယ်ရတယ်လို့ ဝယ်ယူသူတွေဆီကနေ သိရပါတယ်။

 

“၅၀ သားဆို သုံးထောင်(ကျပ်)။ တစ်ပိဿာဆို ၅၈၀၀(ကျပ်)” လို့ ရွှေပြည်သာမြို့နယ်က စားဆီတန်းစီဝယ်နေသူ အိမ်ရှင်မတစ်ဦးက ပြောပါတယ်။

 

စားအုန်းဆီအခက်အခဲနဲ့ပတ်သက်လို့ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်နေ အိမ်ရှင်မတစ်ဦးကတော့ အခုလိုမှတ်ချက်ပေးပါတယ်။

 

“အခြေအနေမကောင်းဘူး။ မရဘူး။ တိုးနေကြရတယ်။ အရင်ရပ်ကွက်ထဲမှာ ပေးတုန်းက စုဝယ်ထားတာလေးရှိတော့ နည်းနည်းထိန်းသုံးနေတယ်” လို့ သူမက ပြောပါတယ်။

 

KBZ ဘဏ်ဝန်ထမ်းဖြစ်တဲ့သူမတို့ကို ဘုရင့်နောင်ပွဲရုံက အရင် ဆီပြတ်လတ်ခဲ့စဉ်က တစ်ဦး အချိန် ၅၀ ရောင်းပေးဖူးလို့ ဝယ်လို့ရမရ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ မရခဲ့ဘူးလို့ ဆိုပါတယ်။

 

“သူတို့မှာတောင် မရှိတော့ဘူးလို့ ပြောတယ်” လို့ သားသည်မိခင်လည်းဖြစ်တဲ့ သူမက ပြောပါတယ်။ သူမတို့မိသားစုဟာ ဟင်းလျာချက်ရာမှာ စားအုန်းဆီကို အဓိကသုံးတာမလို့ မဖြစ်မနေလိုအပ်နေတာကြောင့် များများဝယ်လို့ရမယ့်နေရာတွေကို လိုက်လံစုံစမ်းနေဆဲဖြစ်တယ်လို့ ပြောပါတယ်။

 

ကျောက်တံတားမြို့နယ်က စားဆီတန်းစီဝယ်ယူခဲ့သူတစ်ဦးကလည်း ယခင်က နှစ်ရက်လျှင် တစ်ခေါက် ဝယ်ယူရရှိခဲ့ပေမဲ့ လတ်တလော ဈေးတက်နေသလို လေးရက်၊ ငါးရက်ခန့်ကြာမှ ဝယ်လို့ရတော့တယ်လို့ ပြောပါတယ်။

 

“ဆီ ၅၀ သားရဖို့ တချို့ကိုယ်စားလှယ်ဆိုင်တွေကျ မှတ်ပုံတင်ပြရတယ်။ တချို့ဆိုင်တွေကျ သန်းခေါင်စာရင်းကို တစ်ခါဝယ်တိုင်း မိတ္တူတစ်စောင်ပေးထားခဲ့ရတယ်” လို့ အိမ်ရှင်မတစ်ဦးဖြစ်တဲ့ သူမက ငြီးတွားပြောဆိုပါတယ်။

 

ဒီလို ဒုက္ခတွေကြောင့် မြန်မာနိုင်သားတွေဟာ နာမည်ကျော် ကွယ်လွန်သူ ဂန္ဓဝင်တေးသံရှင် မာမာအေး သီချင်းထဲကလို ‘တစ်ကျော့ နှစ်ကျော့ တေးကို မသီ’ နိုင်ကြပါဘူး။

 

စစ်ကောင်စီပေးတဲ့ သောကကြောင့် ‘တစ်ကျော့ နှစ်ကျော့ စားဆီ တန်းစီ’ နေရပါတယ်။

 

ဘယ်လောက်အထိ တန်းစီနေရမှာပါလဲ။ စစ်ကောင်စီ တည်ရှိနေသ၍လော…။