တော်လှန်ရေး သုံးနှစ်ကျော်ကာလအတွင်း မြိတ်ခရိုင် PDF အမှတ်(၁)တပ်ရင်း မှ ရဲ‌ဘော် (၂၈) ဦးအထိ ကျဆုံးခဲ့

Author လင်းနွေဦး
Categories
Published on Apr 21, 2024

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အခြေပြု ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြိတ်ခရိုင် အမှတ်(၁) တပ်ရင်းမှ တော်လှန်ရေးကာလ သုံးနှစ်ကျော် ကာလအတွင်း ၎င်းတို့၏ ရဲဘော် (၂၈)ဦး အထိ အသက်ပေးလှူခဲ့ရကြောင်း PDF Myeik District Battalion 1 ၏ ပြန်ကြားရေးတာဝန်ခံ မှ CJ Platform သို့ပြောသည်။

 

မြိတ်ခရိုင် PDF အမှတ် (၁) တပ်ရင်းကို ၂၀၂၁ ခုနှစ် ဧပြီ ၇ ရက်တွင် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

 

“မှတ်မှတ်ရရ D-Day စခေါ်တဲ့နေ့မှာ တိုက်ပွဲစဖြစ်တယ်။ ဒါပေမဲ့ D-Day ခေါ်လို့ တိုက်တာမျိုး မဟုတ်ဘဲ တိုက်ပွဲပြီးမှ D-Day ခေါ်မှန်းသိတာ။ အဲ့အချိန် ကတည်းက ဒီကျဆုံးစာရင်းကို စတင်စာရင်းပြုစုခဲ့တာပါ”ဟု မြိတ်ခရိုင် PDF အမှတ်(၁) တပ်ရင်း တာဝန်ခံမှ CJ Platform သို့ပြောသည်။

 

ပြည်သူ့တော်လှန်ရေးရဲဘော်အများစု ကျဆုံးခဲ့ရသည့် တိုက်ပွဲအများစုမှာ ထိတွေ့တိုက်ပွဲ များဖြစ်ပြီး အချို့မှာ စခန်းသိမ်းတိုက်ပွဲများ၊ ရင်ဆိုင်တိုက်ပွဲများ နှင့် ညမှောင်ချိန် ရန်သူနှင့် သူ့လူ၊ကိုယ့်လူ ရော​ထွေးမှုများအတွင်း လုံးထွေးသတ်ပုတ်မှုများပါ ပါဝင်ကြောင်း ၎င်းပြန်ကြားရေးတာဝန်ခံ ပြောကြားချက်အရ သိရသည်။

 

“အဲ့လို ဖြစ်စဉ်ဖြစ်တာကတော့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မတ်လ ၁၂ ရက်နေ့ ၊ ကျွန်တော့်တို့ အမည်ပေးထားတာကတော့ “ကဗျာတိုက်ပွဲ” ပေါ့။ ထိတွေ့မှု ဖြစ်ပြီး ရဲဘော်တစ်ယောက်ကျလို့ ဘော်ဒီသယ်ပြီး စခန်းအပြန် ‌ေ-ွးစစ်ကြောင်းက ရွာထဲရောက်နေတာ၊ ညကလည်းမှောင်တော့ သူ့လူ၊ ကိုယ့်လူ မှားတာကို နှစ်ဖက်လုံးမသိကြသေးဘူး၊ ရေတောင်းသောက်၊ ဆေးလိပ်တောင်းသောက်ပြီး ဗမာသံ၊ ကျွန်တော်တို့ အရပ်အခေါ်ဆို ပုဂံလို (အထက်သံ)ပေါ့။ အဲ့မှာ တင်သတိထားမိပြီး စလုံးထွေး သတ်ပုတ်တာ အနီးကပ် ဓားတွေနဲ့ ထိုးကြတာ။ PDF ရဲဘော် သုံးဦး နဲ့ ပကဖ ရဲဘော် ၂ ဦး ကျဆုံးခဲ့တယ်”ဟု ၎င်းပြန်ကြားရေးတာဝန်ခံ မှ CJ Platform သို့ပြောသည်။

 

ထိုဖြစ်စဉ်အတွင်း PDF ရဲဘော် တစ်ဦးမှ တစ်ဖက်မှ စစ်ကောင်စီ တပ်သားများဖြစ်ကြောင်း စတင်သတိထားမိခြင်းဖြစ်ပြီး ပထမဆုံးထိတွေ့မိသည့် တပ်သားအား ဓားဖြင့်ထိုးခဲ့ရာ Equipment (စစ်ဘက်သုံး ကျည်ကာ)ဝတ်ထားသဖြင့် သေဆုံးခြင်းမရှိဘဲ ဒဏ်ရာပြင်းထန်ရုံသာ ရခဲ့စဉ်‌ PDF ရဲဘော်မှာ စစ်ကောင်စီတပ်သားများ၏ သေနတ်ဒင်ဖြင့် ဝင်ရောက်ထုနှက်ခြင်းခံရသဖြင့် ခဏတာ သတိလစ်သွားခဲ့ရကြောင်း၊ သတိပြန်လည်လာစဉ် ၎င်းဓားဖြင့်ထိုးခဲ့သည့် တပ်သားမှာ ဗိုလ်အဆင့်ရှိသူ ဖြစ်နေသည်အား သိရှိရပြီး စစ်ကောင်စီတပ်သားများမှ ဝိုင်းဝန်းဆေးကုသပေးနေစဉ် ၎င်းအပေါ် အာရုံလစ်ဟင်းနေသည်အပေါ် အခွင့်ကောင်းယူကာ စခန်းသို့ ညလုံးပေါက် ထွက်ပြေးလာနိုင်ခဲ့သဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း အသက်ဘေးမှ လွတ်မြောက်လာခဲ့သည့် PDF ရဲဘော်၏ ပြန်လည်ပြောကြားချက်အရ သိရသည်ဟု မြိတ်ခရိုင် ပြန်ကြားရေးတာဝန်ခံ ပြောကြားချက်အရ သိရသည်။

 

ယခုကဲ့သို တော်လှန်ရေးကာလ တလျောက် တိုက်ပွဲဖြစ်စဉ်များအတွင်း ရဲဘော်များ အသက်ပေးလှူခဲ့ရသည်နှင့်ပတ်သတ်၍ မြိတ်ခရိုင် PDF အမှတ်(၁) တပ်ရင်းမှ “ကျွနုပ်တို့၌ အသက်၊သွေး၊ချွေး နှင့် မျက်ရည်တို့မှ လွဲ၍ အခြား ပေးအပ်စရာမရှိပါ” ဟု ယမန်နေ့ ဧပြီလ ၂၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

 

ဓာတ်ပုံ – မြိတ်ခရိုင် PDF အမှတ်(၁) တပ်ရင်း

Related News

Depend on news