စစ်အုပ်စုထိန်းချုပ်ထားတဲ့ မြို့ပြနေရာတွေမှာ လုံခြုံရေးလစ်ဟာမှုတွေရှိနေတာကြောင့် ဆက်လက်တိုက်ခိုက်သွားမယ်လို့ PLA ပြော

Author CJ Platform
Categories
Published on Nov 21, 2025

စစ်အုပ်စု စစ်တိုင်းရုံးတွေရှိနေတဲ့ နေပြည်တော်အပါအဝင် တခြားမြို့ပြဒေသတွေမှာ လုံခြုံရေးအားနည်းချက်နဲ့ လစ်ဟာမှုအပေါ် အသုံးချပြီး တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ထံက သိရပါတယ်။

 

အခု နိုဝင်ဘာ ၁၂ ရက်က စစ်အုပ်စု လုံခြုံရေးတင်းကြပ်ထားတဲ့ နေပြည်တော် ဥတ္တရသီရိမြို့နယ် တပ်ကုန်းမြို့မှာရှိတဲ့ ရတနာမြေလုံခြုံရေးကင်းစခန်းတစ်ခုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး ကင်းစခန်းကို ရှင်းလင်းနိုင်ခဲ့ပါတယ်။

 

“စစ်အုပ်စုက လုံခြုံရေးအပြည့်ယူထားတဲ့ သူတို့ရဲ့အသည်းနှလုံးနေရာကို PLA က ဝင်တိုက်တာ ၂ ခါရှိသွားပြီ။ သူတို့က ရှေ့မှာမဲပြီးတိုက်နေချိန် နောက်မှာလစ်ဟာတာတွေကတော့ အများကြီးပဲ။ သူတို့လည်း စိုးရိမ်တာ၊ လန့်သွားတာမျိုး ဖြစ်သွားတယ်” လို့ PLA ပြောရေးဆိုခွင့်ရှိသူ ရဲဘော်နီနီကျော်က CJ Platform ကို ပြောပါတယ်။

 

ဒါဟာ နေပြည်တော် ဥတ္တရာသီရိမြို့နယ် တပ်ကုန်းဒေသတဝိုက်မှာ အခုနှစ်အတွင်း တော်လှန်ရေးတပ်ဖွဲ့တွေက ၃ ကြိမ်ထက်မနည်း စစ်ဆင်ရေးဖော်ဆောင်နိုင်ခဲ့တာကြောင့် လုံခြုံရေးတင်းကြပ်တဲ့ နေပြည်တော်မှာ လုံခြုံရေးကျိုးပေါက်မှုတွေလည်း ရှိလာနေတာ ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ ဧပြီလအတွင်းက အမှတ် ၁၃ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) က ဗိုလ်မှူးတစ်ဦးအပါအဝင် ၃ ဦးကို PLA က ဖမ်းဆီးရမိခဲ့သလို အခု နိုဝင်ဘာ ၁၁ ရက်ကလည်း တပ်ကုန်းမြို့နယ် ရန်ကုန်–မန္တလေး အမြန်လမ်း မိုင်တိုင် ၂၃၉ ကို စစ်အုပ်စုဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမှတ် ၈၀၃ တပ်ရင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

 

စစ်အုပ်စုတပ်စခန်းတွေ အခုလို တိုက်ခိုက်ခံနေရတာဟာ နေပြည်တော် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) နယ်မြေထဲမှာရှိတဲ့ အမှတ် ၈၅ ခြေလျင်တပ်ရင်းနဲ့ အမှတ် ၃၀၂ ခြေမြန်တပ်ရင်းတို့ကို မန္တလေး၊ မတ္တရာ၊ ရှမ်းမြောက်ဒေသတွေကို လွှတ်ထားတာကြောင့် လုံခြုံရေးလျော့နည်းလာတာလည်း ဖြစ်တယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

 

“နေပြည်တော်တိုင်းတပ် ၈၅ တို့ ၃၀၂ တို့ကို အဝေးကို လွှတ်လေ့မရှိဘူး။ ဖြစ်နိုင်ရင်တောင် အနီးစပ်ဆုံး လပခနဲ့ ဆက်စပ်နယ်မြေတွေဖြစ်တဲ့ ရမည်းသင်းတို့၊ ပျော်ဘွယ်တို့ အဲလောက်တွေပဲ လွှတ်ဖြစ်တာ။ အခုက တပ်တွေက မတ္တရာဘက်ထိ ရောက်သွားတယ်” လို့ သူက ဆိုပါတယ်။

 

စစ်အုပ်စုက သူတို့အဓမ္မစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ် အင်အားအများအပြားကို ရှေ့တန်းစစ်မြေပြင်တွေကို စေလွှတ်ပြီး လက်လွှတ်ထားရတဲ့ နယ်မြေတွေကို ပြန်လည်ရယူဖို့ ကြိုးပမ်းနေချိန် မြို့ပြနေရာတွေမှာ လုံခြုံရေးအားနည်း၊ လစ်ဟာမှုတွေ ရှိနေပါတယ်။

 

“နောက်ထပ်လည်း စစ်ရေးလှုပ်ရှားမှုတွေ ဆက်လုပ်သွားမှာပါ။ နေပြည်တော်မှ မဟုတ်ပါဘူး။ ရန်သူ အားနည်းချက်ရှိတဲ့၊ အလစ်အငိုက်ဖြစ်နေတဲ့နေရာတွေကို တိုက်သွားမှာ” လို့ ရဲဘော်နီနီကျော်ကလည်း ဆက်ပြောပါတယ်။

 

စစ်အုပ်စု စစ်တိုင်းရုံးနဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေရှိနေတဲ့ နေပြည်တော်နဲ့အနီးဆုံးမှာ စစ်ရေးဖော်ဆောင်နေတဲ့ Nay Pyi Taw PDF တပ်ရင်း ၈၀၅ ကတော့ စစ်ဆင်ရေးဖော်ဆောင်မှုတွေနဲ့ပတ်သက်ပြီး လက်ရှိအချိန်မှာ ထုတ်ပြောလို့ မရသေးဘူးလို့ ဆိုပါတယ်။

 

ဓာတ်ပုံ – EPA

ပုံစာ – စစ်အုပ်စု အခြေစိုက်ရာ နေပြည်တော်တစ်နေရာကို မြင်ရပုံ (ပုံဟောင်း)

 

Related News

Depend on news