NUG ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန်က ဝန်ထမ်းများအပေါ် ဖိနှိပ်ဆက်ဆံကာ ဌာနအတွင်း သူ့ဆွေမျိုးတစ်စုကို ဦးစားပေးခန့်ထားတယ်လို့ တိုင်ကြားခံရ၊ တိုင်ကြားသူအချို့မှာ ဖိအားပေးမှုများနှင့်ပါ ရင်ဆိုင်ကြုံတွေ့နေ
အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာဟာ ဌာနအတွင်း ဝန်ထမ်းတွေအပေါ် ဖိနှိပ်ဆက်ဆံမှုတွေ လုပ်ဆောင်ပြီး အရေးပါသော ဝန်ထမ်းနေရာတွေမှာ သူ့ရဲ့ အမျိုးသားဖြစ်သူနဲ့ တူတော်စပ်သူများကိုသာ ခန့်ထားတယ်လို့ ဝန်ကြီးချုပ်ရုံး ဝန်ထမ်းဟောင်းတွေက အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို တိုင်ကြားစာပေးပို့ခဲ့ကြောင်း CJ Platform က စုံစမ်းသိရှိရပါတယ်။
၂၀၂၂ခုနှစ်ကနေ ၂၀၂၅ခုနှစ်အတွင်း ဝန်ကြီးချုပ်ရုံးမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ထမ်းဟောင်း ၁၉ဦးက အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာဟာ ဝန်ထမ်းတွေရဲ့ လုပ်အားကို ခေါင်းပုံဖြတ်ပြီး ဝန်ကြီးချုပ်ရုံးကို ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းသဖွယ် လုပ်ဆောင်နေကြောင်း၊ ဝန်ကြီးချုပ်အပါအဝင် အဆင့်ဆင့်တာဝန်ရှိသူတွေနဲ့ ဝန်ထမ်းတွေကို ထိတွေ့ခွင့် မပေးဘဲ တားမြစ်ထားကြောင်း၊ ရုံးအတွင်း စီမံခန့်ခွဲမှုအဖွဲ့ (SMT) ကို ဖွဲ့စည်းထားပေမယ့် SMT အတွင်းမှာ ဒေါ်ကြည်ပြာအပြင် သူရဲ့ အမျိုးသားကိုပါ ထည့်သွင်းဖွဲ့စည်းထားကာ သူ့အမျိုးသားဖြစ်သူ ဦးညီညီမင်းကသာ ဘဏ္ဍာငွေတွေကို စီမံခန့်ခွဲနေကြောင်း၊ နိုင်ငံတကာမှ လှူဒါန်းသည့် အလှူငွေတွေကိုလည်း စာရင်းဇယားရှင်းလင်းခြင်း မရှိဘဲ မိသားစု ကိုယ်ကျိုးစီးပွားအဖြစ် အသုံးပြုနေတယ်လို့ စတဲ့ အချက် ၂၀ ကို သက်သေများနဲ့တကွ စွပ်စွဲ တိုင်ကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“သူ မွေးထားတဲ့ ခွေးနှစ်ကောင်ရဲ့ တစ်လ စရိတ်လောက်မှ ကျွန်မတို့ ဝန်ထမ်းလစာ ကျော်တောင်နေပြီ။ သူတို့ ခွေးတွေ Spa ပို့ရတာ၊ ခွေးတွေကို ကျွေးရတာ၊ ခွေးတွေနဲ့ ပတ်သက်ပြီး ကုန်ကျစရိတ်၊ နောက်ဆုံး ညနေခင်းကို ခွေးက အိမ်မှာ မနေနိုင်လို့ လေညှင်းခံပြီး ပို့ရတာ၊ ကျွန်မတို့တွေမှာ သောကတွေကို စိတ်ပူပန်မှုတွေ မျိုသိပ်ပြီး နေရတဲ့အခါမှာ မျိုသိပ်ပြီး အလုပ်လုပ်နေပေမယ့် သူတို့ ခွေးလောက်တောင်မှ၊ မွေးထားတဲ့ ခွေးလောက်တောင်မှ တန်ဖိုးထားမခံရတဲ့ ဘဝဆို ကျွန်မတို့ တော်တော် ရင်နာပါတယ်။ ရင်နာလို့လည်း ကျွန်မတို့ အလုပ်တွေကို ဆက်မလုပ်ဘူး၊ ဒီ တော်လှန်ရေးကို ဒီဘက်နေရာကနေပဲ ပါမယ် ဆိုတဲ့ စိတ်တွေနဲ့ PMO ရုံးကနေ ကျွန်မတို့ အလုပ်တွေကို ထွက်ကြတာ ဖြစ်ပါတယ်”လို့ ဝန်ကြီးချုပ်ရုံး ဝန်ထမ်းဟောင်း တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ဒေါ်ကြည်ပြာဟာ ဝန်ကြီးချုပ်ရုံးအဖြစ် ဖွင့်လှစ်ထားတဲ့ နေအိမ်မှာ တူတော်စပ်သူ လူငယ်နှစ်ဦးအပြင် မိသားစုဝင်တွေကို နေထိုင်စေပြီး တူတော်စပ်သူတွေ ကျောင်းပို့၊ကျောင်းကြိုကိုပါ ဝန်ထမ်းတွေကို ခိုင်းစေတာတွေ လုပ်ဆောင်ခဲ့တယ်လို့ တိုင်ကြားသူတွေက ဆိုပါတယ်။
၂၀၂၅ခုနှစ် ဇူလိုင်လ ချီးမြှင့်ငွေထုတ်ပေးနိုင်ရန် စာရင်းအရ ဝန်ကြီးချုပ်ရုံးမှာ ဝန်ကြီးချုပ်အပါအဝင် စုစုပေါင်း ဝန်ထမ်း ၂၂ဦးသာ ရှိနေတာကို CJ Platform က စုံစမ်းသိရှိရပါတယ်။ အဲဒီ ဝန်ထမ်းတွေအနက်မှာ ဒေါ်ကြည်ပြာဟာ ဝန်ကြီးချုပ်အပြီး ဒုတိယအကြီးဆုံးအဖြစ် အမြဲတမ်းအတွင်းဝန်ရာထူးကို ရယူထားပြီး၊ သူ့ရဲ့ အမျိုးသားဖြစ်သူဟာ ရုံးဦးစီးအဖွဲ့မှူး (ညွှန်ကြားရေးမှူးချုပ်အဆင့်) ကို ရယူထားကာ ဘဏ္ဍာရေးကိစ္စရပ်တွေကို အဓိကထား စီမံခန့်ခွဲနေသူဖြစ်တယ်လို့ တိုင်ကြားသူတွေဆီက သိရပါတယ်။
ဒါ့အပြင် ဝန်ကြီးချုပ်ရုံးမှာ နေထိုင်ပြီး ကျောင်းတက်နေဆဲဖြစ်တဲ့ ဒေါ်ကြည်ပြာရဲ့ တူတော်စပ်သူ နှစ်ဦးကိုလည်း တစ်ဦးကို ဦးစီးအရာရှိအဖြစ် ရာထူးပေးကာ၊ တစ်ဦးကို စီမံ (အစမ်းခန့်)အဖြစ် ခန့်ထားတယ်လို့ ဆိုပါတယ်။
“ရုံးရဲ့ ဖွဲ့စည်းပုံကို မျက်စိထဲ မြင်အောင် ပြောရရင် မကြည်ပြာက အပေါ်ဆုံးမှာ အမြဲတမ်းအတွင်းဝန်၊ ပြီးရင် တွဲဖက်အတွင်းဝန် နှစ်ယောက် ရှိပါတယ်။ ပြီးရင် ကိုညီညီမင်း။ ကိုညီညီမင်းကတော့ ညွှန်ကြားရေးမှူးချုပ် Level သူက ဌာနဦးစီးမှူး ဆိုပြီးတော့ ယူပြီးတော့ စီမံ.. ဒီ စီမံဌာနရဲ့ စီမံအုပ်ချုပ်ရေးလိုင်းကိုလည်း သူ ယူပါတယ်။ နောက်ပြီး ဘဏ္ဍာရေးလိုင်းကိုလည်း သူ ယူပါတယ်။ ပြင်ပနဲ့ ဆက်ဆံရေး ဆိုတဲ့ လိုင်းကိုလည်း သူ ယူပါတယ်။ ဒါပေမယ့် တာဝန်ယူမှု တာဝန်ခံမှု ကတော့ လုံးဝ မရှိပါဘူး။ ကျွန်မတို့ တင်ပြလာရင်လည်း သူ လုံးဝ တာဝန်မခံပါဘူး။ ဒီဥစ္စာတွေကို ရုံးရဲ့ စီမံရေးရာ ကိစ္စနဲ့ ပတ်သက်ပြီးတော့ တင်ပြရင်လည်း သူက လုံးဝ တာဝန်မခံဘူး။ သူ့ကို မတင်ပြနဲ့၊ မကြည်ပြာကိုပဲ တိုက်ရိုက် တင်ပြပြီး ပြောရတယ်။ သူ့ကိုင်တာကတော့ Budget တစ်ခုပဲ ကိုင်ပါတယ်။ အဲဒီ ညွှန်ကြားရေးမှူးချုပ် ရာထူး ဆိုတဲ့ နေရာ.. ရာထူး ဆိုတဲ့ နေရာကို ယူထားတာ။ ရုံးတွင်းက လူတွေပဲ အသိပေးပြီးတော့ ကျန်တဲ့ ပြင်ပမှာတော့ အသိပေးထားခြင်း မရှိပါဘူး” ဝန်ကြီးချုပ်ရုံးကနေ နုတ်ထွက်ခဲ့သူ ဝန်ထမ်းဟောင်းတစ်ဦးက ပြောပါတယ်။
ဝန်ကြီးချုပ်ရုံးအတွက် NUG မှ လစဉ် ကျပ်သိန်း ၁၅၀ ချထားပေးပေမယ့် ဒါဟာ ဝန်ကြီးချုပ်အသုံးပြုဖို့အတွက်သာ ဖြစ်ပြီး ဝန်ထမ်းတွေအတွက် လစာအပါအဝင် ရုံးကုန်ကျစရိတ်တွေကို ဒေါ်ကြည်ပြာက ရှာဖွေ ပေးအပ်ရတယ်လို့ ပြောလေ့ရှိတယ်လို့လည်း ဝန်ထမ်းဟောင်းတွေက ဆိုပါတယ်။
ပြင်ပအလှူငွေတွေနဲ့ နိုင်ငံတကာပံ့ပိုးငွေတွေကို လက်ခံရယူမှာလည်း ဒေါ်ကြည်ပြာရဲ့ အမျိုးသားဖြစ်သူ ဦးညီညီမင်းရဲ့ ဘဏ်အကောင့်ကနေသာ လက်ခံရယူလေ့ရှိတယ်လို့လည်း တိုင်ကြားချက်တွေမှာ ထည့်သွင်းဖော်ပြထားပါတယ်။
ဒါ့အပြင် ရုံးအတွင်းမှာ ဝန်ထမ်းတွေကို သီးသန့်အိမ်သာတစ်ခုကိုသာ အသုံးပြုစေတာ၊ ဒေါ်ကြည်ပြာနဲ့ မိသားစုဝင်တွေ KTV အပါအဝင် အပြင်သွားလာရာမှာ ရုံးကားကို အသုံးပြုပြီး ရုံးယာဉ်မောင်းကို ညအချိန်တွေမှာပါ စောင့်ဆိုင်းပို့ဆောင်စေတာတွေ လုပ်ဆောင်ခိုင်းခဲ့တယ်လို့လည်း တိုင်ကြားချက်တွေမှာ စွပ်စွဲဖော်ပြထားပါတယ်။
“KTV ဘား သွားတယ်။ ဒါက ရုံးအတွက် လိုအပ်လို့ KTV ဘား သွားရတယ်။ ဆိုတော့ ဆိုလိုတာက ညတိုင်း အဲ သောက်စားနေမယ်။ ညတိုင်း ဘားသွားနေမယ် ဆိုလိုတာက အဲလိုမျိုး ပေါ့ black label (ဘလက် လေဘယ်) ပဲ သောက်နေမယ်။ ဆိုလိုတာက ဒီ ဒါမျိုး ပေါ့ ကုန်ကျစရိတ် များတဲ့ ဟာမျိုး သောက်နေမယ်။ ဒီလိုမျိုး စီမံခန့်ခွဲမှုတွေ ကျတော့ ဒါက ဟို ရုံးတစ်ရုံး အစိုးရ တစ်ရပ် အနေနဲ့ လုံးဝကို မဖြစ်သင့်တဲ့ ပုံစံ လုံးဝကို မဖြစ်သင့်တဲ့ အလွဲသုံးစားမှုတွေ ဖြစ်တာ ပေါ့နော်။ အဲဒီတော့ ဟိုမှာ နိုင်ငံတကာ အဖွဲ့အစည်းတွေ ငွေတွေ ဆိုရင် လည်း သူက ဟို အဲ တချို့ အဖွဲ့အစည်းတွေက ကျတော့ ဒီ အလွတ်တန်း လိုမျိုး ပေးတာမျိုး ဖြစ်သွားတာ ပေါ့။ အဲဒီတော့ အဲဒီ အလွတ်တန်း လုပ် မျိုး ဖြစ်သွားတဲ့ အပေါ်မှာ သူက ဘယ်လို မူဝါဒနဲ့ စနစ်တကျ ထိန်းကျောင်း ပြီးတော့ သုံးစွဲမယ် ဆိုတာကို သူ သူ သေချာ ဒီ ရုံးထဲမှာ practice (အလေ့အကျင့်) မလုပ်ဘူး။ အဲ ပြီးတော့ ဝန်ကြီးချုပ်က ကျတော့ လည်း သူ အများကြီး မသိချင်ဘူး ပေါ့လေ။ ယုံကြည်မှု ပေးပြီးတော့ အလုပ်လုပ်တဲ့ ပုံစံမျိုး ဆိုတော့ အဲဒီမှာပဲ သူက အများကြီး ဟို ဝန်ကြီးချုပ်ကို လည်း စကားလေးနဲ့ အဲ ဘယ်လောက် ဟို ပေါ့ အဲ ဝန်ကြီးချုပ် ဘာလိုလဲ စီမံပေးမယ် ဆိုတာ ပဲ ဝန်ကြီးချုပ်က သူ လိုတာလေးတွေ စီမံပေးတယ် အဲ ဆိုရင် ဒါက ဒါ ကြည်ပြာ အကောင်းဆုံး ပဲ ရုံးမှာ အလုပ်လုပ်နေတယ် လို့ သူက ယုံကြည်တာ ပေါ့”လို့ နစ်နာခဲ့သူ အခြားသော ဝန်ထမ်းဟောင်းတစ်ဦးကလည်း ပြောပါတယ်။
သက်သေအထောက်အထားများ အပါအဝင် စာမျက်နှာ ၂၅မျက်နှာထိ ပါဝင်တဲ့ တိုင်ကြားစာကို နစ်နာသူတွေက နိုဝင်ဘာ ၁၉ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော် ယာယီသမ္မတ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကို ပေးပို့ခဲ့ပြီးနောက်မှာ တိုင်ကြားသူတွေကို ဖိအားပေးမှုအချို့ကိုလည်း လုပ်ဆောင်လာခဲ့တယ်လို့ ဝန်ထမ်းဟောင်းတွေက ပြောပါတယ်။
“အမှန် တော့ လေ NUG ဝန်ကြီး တွေ ဆီ ကို တိုက်ရိုက် ညီမ တို့ ပို့ တာ ပေါ့ နော်။ ဒါပေမယ့် တိုင်စာ က ဒေါ်ကြည်ပြာ တို့ ဆီ ကို ဒီ မနက် ပဲ (နိုဝင်ဘာ ၂၀ရက်) ရောက်သွား တယ် ရှင့်။ ကျွန်မ တို့ ကို အခု အကုန်လုံး ကို လိုက် ဆက်သွယ် ပြီး တော့ ခြိမ်းခြောက် တဲ့ သဘောမျိုး တွေ လုပ်နေ တယ် ပေါ့ နော်။ အဲ့ အတွက် ကြောင့် မို့ လို့ ကျွန်မ လည်း တော်တော် လန့်နေ တယ် ပေါ့ နော်ကျွန်မ တို့ ရဲ့ လုံခြုံရေး အခု ဆို ရင် ဒါ ကျွန်မ တို့ လုံခြုံရေး ကို ခြိမ်းခြောက် လာ တဲ့ အခြေအနေ ဖြစ်လာ တယ် ပေါ့ နော်။ ကျွန်မ တို့ အဲ့လို ဖြစ် မယ် လို့ တောင် မထင် ဘူး ။ သူ တို့ ခုံရုံး ဖွဲ့ ပြီး ကျွန်မ တို့ ကို သီးခြားစီ စစ်ဆေး ပေး မယ် လို့ ကျွန်မ တို့ က မျှော်လင့်ခဲ့ တာ ပေါ့ နော်”လို့ နစ်နာသူ ဝန်ထမ်းဟောင်းတစ်ဦးက ပြောပါတယ်။
အခု တိုင်ကြားမှုအပေါ် စွပ်စွဲမှုတွေကို ဖြေရှင်းနိုင်ရေးအတွက် CJ Platform က ဒေါ်ကြည်ပြာရဲ့ လက်ကိုင်ဖုန်းကို နိုဝင်ဘာ ၂၀ရက်နေ့ ညနေ ၂နာရီ ၄၁မိနစ်မှာ (ဘန်ကောက်စံတော်ချိန်) ဆက်သွယ်မေးမြန်းခဲ့ချိန် အမျိုးသားတစ်ဦးက ဖုန်းလက်ခံဖြေဆိုခဲ့ပြီး ဒေါ်ကြည်ပြာမှာ ဧည့်သည်များကို ထမင်းကျွေးဖို့အတွက် ပြင်ပကို ထွက်ခွာသွားကြောင်း၊ ပြန်လည်ရောက်ရှိပါက ဆက်သွယ်မေးမြန်းသည့်အကြောင်းကို ပြန်လည် တင်ပြထားမည်ဖြစ်ကြောင်း၊ လက်ရှိ ဆက်သွယ်သည့် ဖုန်းနံပါတ်မှာ Signal သာ အသုံးများခြင်းကြောင့် Signal မှတဆင့် ဆက်သွယ်ပေးပါရန် ပြောကြားချက်အရ CJ Platform က Signal မှတဆင့် မေးခွန်းများ ပေးပို့မေးမြန်းရာမှာ နိုဝင်ဘာ ၂၁ရက်နေ့ မနက် ၁၀နာရီအထိ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါ။ ဒါ့ကြောင့် နိုဝင်ဘာ ၂၁ရက်နေ့ မနက် ၁၀နာရီအချိန်မှာ ထပ်မံဖုန်းဆက်သွယ်ရာမှာလည်း ဖုန်းကိုင်ဖြေကြားခဲ့ခြင်း မရှိခဲ့တာကြောင့် အခု သတင်းဖော်ပြမှုအတွင်း ဒေါ်ကြည်ပြာရဲ့ ဖြေရှင်းချက်တွေကို ထည့်သွင်း ဖော်ပြနိုင်ခြင်း မရှိခဲ့ပေ။
ထပ်မံပြီး CJ Platform က ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ထံကို တိုင်စာပါ အကြောင်းအရာနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာမှာတော့ “တရားဝင်တိုင်ကြားစာရောက်ရင်တော့ စုံစမ်းစစ်ဆေးတဲ့ ကိစ္စကို သူ့ procedure အတိုင်းလုပ်သွားမယ့် သဘောပါပဲ” လို့ CJ Platform ကို ပြန်လည်ဖြေကြားခဲ့ပါတယ်။
ထပ်မံပြီး CJ Platform က အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပြည်ထောင်စုဝန်ကြီး တစ်ဦးထံကို တိုင်စာပါ အကြောင်းအရာနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာလည်း တိုင်စာအကြောင်းကို သိရှိထားပြီးဖြစ်ပြီး လိုအပ်ပါက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့သာ ပြန်လည်ပြောကြားခဲ့ပါတယ်။
စွပ်စွဲခံရသူ ဒေါ်ကြည်ပြာဟာ NLD အစိုးရလက်ထက်က ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး စစ်အုပ်စု အာဏာသိမ်းပြီးနောက်မှာ NUG အစိုးရအဖွဲ့ ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။
ပုံစာ – စွပ်စွဲခံရသူ ဒေါ်ကြည်ပြာကို ရန်ကုန်တိုင်းလွှတ်တော်အတွင်း မြင်ရပုံ (ပုံဟောင်း)
