တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ  ထီးလင်းမှာ စစ်ကောင်စီဗုံးကြဲတိုက်ခိုက်လို့ ကျောင်းသူနှစ်ဦးအပါအဝင် ၄ ဦး သေဆုံး

Author CJ Platform
Categories
Published on Mar 21, 2025

မကွေးတိုင်း ဂန့်ဂေါ ခရိုင် ထီးလင်းမြို့နယ်က အလယ်ဘန်းကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီက မနေ့က မတ်လ ၂၀ ရက်နေ့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျောင်းသား ၂ ဦးအပါအဝင် ဒေသခံ ၄ ဦးသေဆုံးခဲ့ရတယ်လို့ ထီးလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

 

စစ်ကောင်စီက ဂျက်ဖိုက်တာ ၃ စီးနဲ့ သန်းခေါင်ယံအချိန် မနက် ၂ နာရီမှာ လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပေါင် ၂၀၀ ဗုံးအပါအဝင် ဗုံးသီး ၃၀ ခန့် ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထီးလင်း ပအဖ ကပြောပါတယ်။

 

“ ဂျက်ဖိုက်တာ ၃ စင်းနဲ့ ဆက်တိုက်ပစ်တာပါ။ တိုက်ပွဲဖြစ်တာလုံးဝမရှိပါဘူးဗျ။ စကစ အထိုင်တပ်က မြို့ပေါ်မှာပဲနေတာပါ။ မြို့နဲ့ ၁၀ မိုင်ခန့်က ကျေးရွာကို ကြဲတာပါဗျ” လို့ ထီးလင်းမြို့နယ် ပအဖ တာဝန်ရှိသူတစ်ဦးက CJ Platform ကိုပြောပါတယ်။

ကျေးရွာတွင်းက နေရာအများအပြားကို ရော့ကတ်၊ မီးလောင်ဗုံး၊ စက်လတ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

 

တိုက်ခိုက်မှုကြောင့် Grade 12 ကျောင်းသူ ၂ ဦးအပါအဝင် ၈၅ နှစ်အရွယ် အဖိုးအိုတစ်ဦးနဲ့ ၇၆ နှစ်အရွယ် အဖွားအိုတစ်ဦး စုစုပေါင်း ၄ ဦးသေဆုံးခဲ့တဲ့အပြင် ထိခိုက်ဒဏ်ရာရရှိသူ ၂၇ ဦးရှိပြီး ၆ ဦးမှာ စိုးရိမ်ရတဲ့ အနေအထားရှိတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် နေအိမ် ၄ လုံး မီးလောင်ပြာကျခဲ့ရပြီး နေအိမ် ၁၂ လုံးအလုံးစုံပျက်စီးခဲ့သလို အိမ်အလုံး ၄၀ ခန့် အမိုးထရံတွေပျက်ဆီးခဲ့ရကာ တိရစ္ဆာန်အကောင်ရေ ၄၀ ကျော် ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

 

စစ်ကောင်စီက မကွေးတိုင်းမှာ စစ်ရေးဖော်ဆောင်ဖို့ ပြင်ဆင်တဲ့ဆိုတဲ့သတင်းကြောင့် ၂၀၂၅ ခုနှစ်အတွင်းလေကြောင်းတိုက်ခိုက်မှု ပိုများလာခဲ့ပြီး ဂန့်ဂေါခရိုင်အတွင်း တော်လှန်ရေးအားကောင်း နေတာကြောင့် လေကြောင်းကနေ ဖိအားပေး တိုက်ခိုက်မှုတွေ တိုးလုပ်ဆောင်လာတာဖြစ်နိုင်တယ်လို့ စစ်ရေးသတင်းရင်းမြစ်က သုံးသပ်ထားပါတယ်။

 

ဓာတ်ပုံ – ထီးလင်းပအဖ