အိန္ဒိယမှာ ဆရာဝန်မလေးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့မှုအတွက် ကျူးလွန်သူကို ထောင်ဒဏ်တစ်သက်ချမှတ်
အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့မှာ ယမန်နှစ် ၂၀၂၄ ခုနှစ်တုန်းက အလုပ်သင်ဆရာမလေးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့တယ်လို့ စွဲချက်တင်ခံထားရတဲ့ တရားခံဟာ အပြစ်ရှိကြောင်း တွေ့ရှိခဲ့တာကြောင့် တရားရုံးက ယမန်နေ့ ဇန်နဝါရီ ၂၀ ရက်နေ့မှာ ထောင်ဒဏ် တစ်သက်ပြစ်ဒဏ် ချမှတ်လိုက်တယ်လို့ ဒေသတွင်း သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ကာလကတ္တားမြို့ RG Kar ဆေးကောလိပ်နဲ့ ဆေးရုံမှာ အလုပ်ဆင်းနေတဲ့ အလုပ်သင်ဆရာဝန်မလေးကို စေတနာ ဝန်ထမ်း ရဲတပ်ဖွဲ့ဝင်ဟောင်း ဆန်ဂျေးရွိုင်းက ယမန်နှစ် ဩဂုတ်လ ၉ ရက်နေ့မှာ မုဒိမ်းကျင့် သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွဲချက်တွေမှာ ရွိုင်းဟာ အပြစ်ရှိတယ်လို့ ဆီးလ်ဒါဟ်ရပ်ကွက် ခရိုင်နဲ့ ဆက်ရှင်တရားသူကြီးတွေက စနေနေ့ ဇန်နဝါရီ ၁၈ ရက်နေ့မှာ တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
တစ်နိုင်ငံလုံးရဲ့ ဒေါသူပုန်ထမှုကို ဖြစ်စေခဲ့တဲ ပြစ်မှုကို ကျူးလွန်ခဲ့သူ ရွိုင်းကို သေဒဏ်ချမှတ်မယ်လို့ အများက မျှော်လင့်ထားချိန်မှာ အခုလို အသက်သေဆုံးတဲ့ထိ ထောင်ဒဏ်တစ်သက်ကျခံဖို့ ပြစ်ဒဏ်ပဲ ချမှတ်ခဲ့တာကြောင့် လူအများအပြားက စိတ်ပျက်ခဲ့ကြတယ်လို့ သတင်းဌာနတွေက ဖော်ပြကြပါတယ်။
တရားလွှတ်တော်ရှေ့နေ ရယ်ဟ်မန်ကတော့ တရားသူကြီးတွေက အမှုဟာ အရှားပါးဆုံး ပြစ်မှု ဖြစ်တယ်လို့ သတ်မှတ်လို့မရတာကြောင့် ရွိုင်းကို သေစားသေစေအမိန့်ထက် ထောင်ဒဏ်တစ်သက်ပြစ်ဒဏ်သာ ချမှတ်ခဲ့တာဖြစ်တယ်လို့ ANI သတင်းဌာနကို ပြောပါတယ်။
တရားရုံးဟာ ရွိုင်းကို ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ကျခံဖို့ အမိန့်အပြင် ရူပီး ၅၀,၀၀၀ ဒဏ်ငွေဆောင်ဖို့ပါ အမိန့်ချမှတ်ခဲ့ပါတယ်။ ဒါ့အပြင် ပြည်နယ်အစိုးရကိုလည်း နစ်နာသူမိသားစုကို လျော်ကြေးငွေ အိန္ဒိယရူပီး ၁၇ သိန်းပေးဆောင်ဖို့လည်း ညွှန်ကြားခဲ့ပါတယ်။
တရားသူကြီး ဒက်စ်က အမှုဟာ အရှားပါးဆုံး အမှုအမျိုးအစားထဲမှာ အကျုံးဝင်တာမျိုး မရှိတာကြောင့် ပြစ်မှုကျူးလွန်သူကို သေဒဏ်မချမှတ်ဘဲ (ထောင်ဒဏ်တစ်သက်ကိုပဲ) တရားမျှတစွာ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
သေဒဏ်ချမှတ်ဖို့ ဗဟိုစုံစမ်းထောက်လှမ်းရေးဗျူရို (CBI) ရဲ့ လျှောက်ထားချက်ကိုလည်း တရားသူကြီးတွေက ပယ်ချခဲ့တယ်လို့ PTI သတင်းဌာနက ဖော်ပြပါတယ်။
“CBI က သေဒဏ်ချမှတ်ဖို့ မျှော်လင့်တယ်။ တရားခံရှေ့နေကတော့ သေဒဏ်အစား ထောင်ဒဏ်ချမှတ်ဖို့ မျှော်လင့်တယ်။ ဒီပြစ်မှုဟာ အရှားပါးတကာ့ အရှားဆုံးပြစ်မှု အမျိုးအစားထဲမှာလည်း အကျူံးမဝင်ပါဘူး”လို့ ဒက်စ်က ဆိုပါတယ်။
ဒါ့ပြင် ပုဒ်မ ၆၆ အရ ဆန်ဂျေးရွိုင်းဟာ အသက် သေဆုံးတဲ့အထိ ထောင်ထဲမှာပဲ ရှိနေမှာဖြစ်တယ်လို့ တရားသူကြီးက ဖြည့်စွက်ပြောပါတယ်။
“နစ်နာသူဟာ ဆေးရုံမှာတာ ဝန်ထမ်းဆောင်နေစဉ်မှာ သေဆုံးခဲ့တာကြောင့် ပြည်နယ်က တာဝန်ရှိတာကြောင့် မိသားစုဝင်တွေကို လျော်ကြေးအဖြစ် သေဆုံးမှုအတွက် ရူပီးဆယ်သိန်း၊ မုဒိမ်းမှုအတွက် ရူးပီးခုနစ်သိန်း ပေးဆောင်ရမှာဖြစ်တယ်” လို့ ဒက်စ် ဆက်ပြီးပြောပါတယ်။
တရားခံဖြစ်သူ ဆန်ဂျေးရွိုင်းကတော့ သူဟာ အမှုဆင်ခံရတာသာ ဖြစ်တယ်လို့ ဒီကနေ့ ဇန်နဝါရီ ၂၁ ရက်နေ့ အစောပိုင်းမှာ အခိုင်အမာပြောဆိုပါတယ်။
“ကျွန်တော်က အမှုဆင်ခံရတာပါ။ ကျွန်တော် ဘယ်ပြစ်မှုကိုမှလည်း ကျူးလွန်ခဲ့တာမျိုး မရှိပါဘူး။ ကျွန်တော်အရင်ကရော အခုထိပါ ဘာမှမလုပ်ခဲ့ပေမဲ့ ကျွန်တော့်ကို အပြစ်ရှိတယ်ဆိုပြီး ဖမ်းဆီးထားပါတယ်” လို့ ရွိုင်းက တရားရုံးမှာ လျှောက်လဲခဲ့ပါတယ်။
သေဆုံးသွားတဲ့ ဆရာဝန်မလေးရဲ့ မိသားစုဝင်တွေကတော့ အခုစီရင်ချက်နဲ့ပတ်သက်ပြီး မကျေနပ်ဘူးလို့ ဆိုပါတယ်။
“ကျွန်မတို့ တကယ်ကိုပဲ အံ့ဩမိပါတယ်။ ဒီအမှုက ဘယ်လိုဖြစ်ပြီး အရှားပါ့တကာ့ အရှားပါးဆုံး ပြစ်မှုမျိုး မဖြစ်ရတာလဲ၊ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်မလေးတစ်ယောက် တာဝန်ချိန်အတွင်းမှာပဲ မုဒိမ်းကျင့်ပြီး အသတ်ခံခဲ့ရတာလေ၊ ကျွန်မတို့ တကယ်ကိုပဲ တုန်လှုပ်ခြောက်ခြားမိပါတယ်။ ဒီရာဇဝတ်မှုရဲ့ နောက်ကွယ်မှာ ပိုကြီးမားတဲ့ ပူးပေါင်းကြံစည်မှု တစ်ခုရှိနေပါတယ်လို့” ဆရာဝန်မလေးရဲ့ မိခင်ဖြစ်သူက ပြောပါတယ်။
ဆန္ဒပြတောင်းဆိုမှုတွေလုပ်နေကြတဲ့ ဆရာဝန်တွေကတော့ တရားမျှတမှု မရမချင်း လမ်းတွေပေါ်မှာ ဆက်လက်ပြီး ဆန္ဒပြမှာဖြစ်တယ်လို့ ပြောဆိုပါတယ်။
အိန္ဒိယနိုင်ငံရဲတပ်ဖွဲ့ဟာ စုံစမ်းစစ်ဆေးမှုမှာ မျက်မြင်သက်သေပေါင်း ၁၂၈ ဦးကို မေးမြန်းခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာစတင်ခဲ့တဲ့ တရားခွင်မှာလည်း အဲဒီမျက်မြင်သက်သေတွေထဲက ၅၁ ဦးကို တရားခွင်မှာ ထပ်ပြီးစစ်ဆေးခဲ့ပါတယ်။
ဓာတ်ပုံ – Hindustan Times
ပုံစာ- ထောင်ဒဏ်တစ်သက်ချမှတ်ခံရတဲ့ တရားခံ ဆန်ဂျေးရွိုင်း
ကိုးကား- Hindustan Times , Reuters