ခွန်တောင်းကြီးရွာ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ဗုံးသီးချတိုက်ခံရ

Author မင်းထက်
Categories
Published on May 20, 2024

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ခွန်တောင်းကြီး(ပျူ)ကျေးရွာ စာသင်ကျောင်းအတွင်း အထိုင်ချတပ်စွဲထားတဲ့ စစ်သားနဲ့ ပျူ(ပြည်သူ့စစ်)ပူပေါင်းတပ်တွေကို မေလ ၁၉ရက်နေ့ နေ့လယ် ၃နာရီ ၂၀မိနစ်မှာ တစ်ကြိမ်၊ ညနေ ၅နာရီခွဲမှာ တစ်ကြိမ် ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့ရာမှာ ထိခိုက်မှုတွေ ရှိနိုင်တယ်လို့ ရွှေဘိုမြို့နယ်ပကဖ တာ၀န်ရှိသူ တစ်ဦးက ပြောပါတယ်။

 

စစ်ကောင်စီတပ်သားနဲ့ ပျူတွေဟာ အရင်က ၅၀ ခန့်သာရှိပေမယ့် မေလ ၁၉ ရက်နေ့မှာခွန်တောင်းကြီးပျူရွာ ဘုရားထီးတင်ပွဲရှိနေတာကြောင့် ခွန်တောင်းကြီး ပျုရွာနဲ့ အနီးကပ် ဆက်လျက်ရှိတဲ့ ပန်းရံ ၊ လိပ်ချင်း ၊ သီလုံး စတဲ့ပျူရွာတွေက ပျူအင်အား လာဖြည့်ထားတာကြောင့်  ဒရုန်းတိုက်ခိုက်မှုလုပ်တဲ့အချိန်မှာ စစ်သားနဲ့ပျူ အင်အား ၁၀၀ ကျော်ခန့်ရှိနေခဲ့တယ်လို့ သိရပါတယ်။

 

” ထိခိုက်သေဆုံးကတော့ ရှိနိုင်ပါတယ်ဗျ။ တိကျတဲ့ သတင်းတော့ ခုထိမသိရသေးဘူး” လို့ ရွှေဘိုမြို့နယ် ပကဖ တာ၀န်ရှိသူက ပြောပါတယ်။

 

တိုက်ခိုက်မှုကို  ရွှေဘိုမြို့နယ်ပကဖ PDO အဖွဲ့၊  မြို့နယ်ပကဖ PDO-Drone Team-Federal Wings တပ်ဖွဲ့၊ တိုက်နယ် (၁) ပကဖနဲ့ တိုက်နယ်(၃)ပကဖ အဖွဲ့တို့ ပူးပေါင်းပြီး ဒရုန်းနှစ်စင်းနဲ့  ၆၀ မမဗုံးသီးတွေချကာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ ဒရုန်းတစ်စင်းကို ပျူကျေးရွာအတွင်းကနေ   ပစ်ချခဲ့တာကြောင့် ပျက်ကျသွားခဲ့တယ်လို့ သိရပါတယ်။

 

“ပျက်ကျသွားရတဲ့ဟာဆို တန်ဘိုးအား ဖြင့် သိန်း ၃၀၀ ကျော်ပါတယ်ဗျ။ သုံးစွဲ ကျည်နဲ့ ခဲယမ်းဖိုးစရိတ်ပါထည့်ပေါင်းရင် ခု mission မှာ သိန်း ၄၀၀ ကျော်တယ်ဗျာ”လို့ ရွှေဘိုမြို့နယ် ပကဖတာဝန်ရှိသူက ပြောပါတယ်။

 

ရွှေဘိုမြို့နယ်ပကဖ PDO အဖွဲ့နဲ့ နယ်မြေခံပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်မှုအတွင်း ပစ်ချခြင်း ခံခဲ့ရတဲ့ ဒရုန်းကို  ကင်းတိုးပြီး စစ်ကောင်စီလက်အောက်ခံ တပ်တွေရဲ့ နယ်မြေအတွင်း ကောက်ယူချိန်မှာ   စစ်ကောင်စီ ကင်းပုန်းတွေနဲ့ ထိတွေ့တိုက်ပွဲ နှစ်ကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း အင်အား မမျှတာကြောင့် ကာကွယ်ရေးရဲဘော်တွေ အထိအခိုက်မရှိအောင် ပြန်လည် ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့