မြိုင်မှာ ပြည်သူတွေအိပ်မောကျနေချိန် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၅ဦးသေဆုံးကာ ၁၅ဦးထက်မနည်း ဒဏ်ရာရ

Author CJ Platform
Categories
Published on Nov 20, 2025

မကွေးတိုင်း ၊ မြိုင်မြို့နယ်အတွင်းက ကံကြီးရွာကို ဒီကနေ့ နိုဝင်ဘာ ၂၀ ရက်နေ့ မနက်အစောပိုင်း ၁၂နာရီ ၁၁မိနစ်ခန့်မှာ စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၅ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြည်သူတွေ အိပ်မောကျနေချိန် စစ်အုပ်စုက ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဆိုးဝါးတဲ့ အမှုကြီးကို စစ်အုပ်စုကျူးလွန်တာဖြစ်တယ်လို့ အညာမြေတပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

လေကြောင်းဗုံးကြဲမှုကြောင့်  ၅ ဦးထက်မနည်း သေဆုံးခဲ့ကာ ၁၅ ဦးထက်နည်း ထိခိုက်ဒဏ်ရာ ပြင်းထန်ခဲ့ပြီး နေအိမ် ၂၀ ခန့် ပျက်ဆီးဆုံးရှုံးခဲ့ရတယ်လို့ အညာမြေအရပ်ဖက် လူမှုအဖွဲ့အစည်း – မြိုင်နဲ့ အညာမြေတပ်ပေါင်းစုရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

“စစ်ကြောင်းရှိနေတော့ကြ လေကြောင်းတိုက်ခိုက်မှုလည်း ရှိလိမ့်မယ်လို့ သူတို့တွေ ဂရုတစိုက်နေရတာလည်း ရှိတာပါပဲ။ ၁၇ ရက်နေ့ က စစ်ကြောင်း ထွက်သွားတော့ စစ်ကြောင်းက ထွက်သွားပြီ လေကြောင်းမရှိလောက်ဘူးဆိုပြီး စိတ်ချလက်ချ အိပ်တဲ့သဘောလည်း ပါလိမ့်မယ်” လို့ အညာမြေအရပ်ဖက် လူမှုအဖွဲ့အစည်း – မြိုင် က တာဝန်ရှိသူတစ်ဦးကလည်း ဒေသတွင်း အခြေနေတချို့ကို ပြောပြပါတယ်။

လတ်တလောမှာ မြိုင်မြို့နယ်အတွင်းက ဒေသခံတွေဟာ လေကြောင်းအန္တရာယ်ကို စိုးရိမ်နေကြရပြီး ဒီကနေ့ စစ်အုပ်စုရဲ့ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရတဲ့သူတွေအထဲမှာ ၆ ဦးခန့် ဟာ စိုးရိမ်ရတဲ့အခြေနေမှာ ရှိနေတယ်လို့ သိရပါတယ်။

 

စစ်အုပ်စုဟာ အခု နိုဝင်ဘာ လဆန်းပိုင်းကနေစတင်ပြီး မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးတာ၊ လေကြောင်းတိုင်ခိုက်တာ၊ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေကို လုပ်ဆောင်ခဲ့တာကြောင့် ဒေသခံ သောင်းနဲ့ချီပြီး တိမ်းရှောင်ခဲ့ကြရပါတယ်။

 

စစ်အုပ်စု စစ်ကြောင်းထိုးစဉ်မှာ ဖမ်းဆီးသတ်ဖြတ်တာနဲ့ လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် မြိုင်မြို့နယ်က ဒေသခံ ၁၀ ဦးခန့် ထိခိုက်သေဆုံးတာတွေ ဖြစ်ခဲ့ပြီး နေအိမ် ၄၀ ကျော် ပျက်ဆီးဆုံးရှုံးခဲ့ရတယ်လို့ CJ Platform က လက်ခံရရှိထားတဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

 

စာတ်ပုံ – အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း – မြိုင်