ဧရာဝတီတိုင်းအစပ်က ဂွမြို့ကို AA ထပ်မံသိမ်းပိုက်၊ တစ်မြို့နယ်လုံးသိမ်းနိုင်ရေး လက်ကျန် ခမရ-၅၆၂ ကို ဆက်လက်ထိုးစစ်ဆင်နေ
ရခိုင်-ဧရာဝတီအစပ်က ဂွမြို့နယ်အတွင်းက ခမရ-၅၆၃ တပ်ရင်းကို ဒီကနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ မနက်အစောပိုင်းမှာ အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိပြီလို့ AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရစ်မြစ်ဆီက သိရပါတယ်။
ဒါကြောင့် ဂွမြို့ကို ထိန်းချုပ်လိုက်နိုင်ပြီဖြစ်ပြီး တစ်မြို့နယ်လုံးထိန်းချုပ်နိုင်ရေး ကျန်ရှိနေတဲ့ ခမရ-၅၆၂ ကိုလည်း ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ CJ Platform ရဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“တစ်ပတ်လောက်ပဲကြာတယ်။ ဂွမြို့ကိုထိန်းချုပ်သွားတာ။ လက်နက်ချတာ။ ထွက်ပြေးတာတွေ တော်တော်များပါတယ်။ အရမ်းမြန်တယ်။ ခမရ-၅၆၃ လည်း ကျသွားပြီ။ ခမရ-၅၆၂ ကို ဆက်ထိုးစစ်ဆင်နေတယ်” လို့ သူက ပြောပါတယ်။
ကျန် ခမရ-၅၆၂ တပ်ရင်းထဲ စစ်ကောင်စီတပ်သား အနည်းငယ်သာကျန်ရှိတော့ပြီး ခမရ-၅၆၃ က ဆုတ်ခွာလာတဲ့ စစ်ကောင်စီတပ်သားတွေက လာရောက်ပူးပေါင်းကာ AA ရဲ့ ထိုးစစ်ကို ခုခံနေတယ်လို့ သူက ဆက်ပြောပါတယ်။
လက်ရှိ ဂွမြို့နဲ့ တိုက်ပွဲပြင်းထန်ရာနေရာတွေကို ဂွချောင်းဝရှိ စစ်ကောင်စီနေဗီတွေက လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေပြီး လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဂွမြို့သိမ်းတိုက်ပွဲကို AA က ဒီဇင်ဘာလ ၁၃ ရက်နေ့မှာစတင်ခဲ့တာဖြစ်ပြီး မြို့သိမ်းတိုက်ပွဲကာလ တစ်ပတ်အတွင်း ဂွမြို့မှာစစ်ကောင်စီရဲ့ ခမရ-၅၆၂ တပ်ရင်းတစ်ခုသာ ကျန်ရှိတော့တာဖြစ်တယ်လို့ နောက်ထပ် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ဂွမြိုသိမ်းတိုက်ပွဲ ပြင်းထန်လာတာကြောင့် မြို့အတွင်း ပိတ်မိနေတဲ့ဒေသခံတွေဟာ မြို့ကထွက်ခွာဖို့ ခက်ခဲနေသလို ဧရာဝတီတိုင်းဘက်ကလည်း ဒေသတွင်းလာရောက်ခိုလှုံနေတဲ့ ရခိုင်ပြည်သူတွေကို လက်မခံတာကြောင့် စစ်ဘေးရှောင်ဖို့ရွေးချယ်စရာမရှိဘူးလို့ ဂွဒေသခံတစ်ဦးက ပြောပါတယ်။
“အခုပိတ်မိနေတာ။ လက်နက်ကြီးနဲ့ လေယာဉ်ဗုံးကြဲတာကို အရမ်းစိတ်ပူတယ်။ မြို့ပေါ်နားတွေမှာပါ ကျလာတော့ ထွက်ပြေးစရာကလည်းမရှိဘူး။ ပြည်မဘက်က ကျွန်တော်တို့ကိုလက်မခံဘူးပြောနေကြတယ်။ ရောက်နေတဲ့လူတွေကိုတောင် မောင်းထုတ်နေကြတာလေ။ ရခိုင်ပေမဲ့ ဒီနိုင်ငံသားတွေပဲဗျာ” လို့ သူက ပြောပါတယ်။
လက်ရှိ ဂွနဲ့ ဧရာဝတီတိုင်းဘက်ကို ဆက်သွယ်ထားတဲ့ ဂွ-ငသိုင်းချောင်း ရိုးမဖြတ်လမ်းပေါ်က စစ်ကောင်စီရဲ့ ဗောဓိ၊ ဗေဒါနဲ့ ဒေါင်းချောင်းစစ်ဆေးရေးဂိတ်စခန်းတွေကို ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ AA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လမ်းကိုထိန်းချုပ်ထားတာပါ။
စစ်ကောင်စီရဲ့ စစ်ကူအင်အားပေးပို့နိုင်မယ့်လမ်းတွေကို AA က သိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်တာကြောင့် ဂွမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီအနေနဲ့ စစ်ကူအင်အားပေးပို့နိုင်ခြင်းမရှိဘဲ လေကြောင်းနဲ့ ရေကြောင်းကနေ အသည်းအသန်ခုခံကာကွယ်နေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဂွမြို့ပေါ်က စစ်ကောင်စီတပ်သားတွေတချို့ ရခိုင်ရိုးမဘက်က တောင်ပေါ်ကိုဆုတ်ခွာသွားပြီးနောက် ရိုးမပေါ်မှာ လက်နက်ကြီးတွေ အခိုင်အမာနေရာချပြီး ခံစစ်ပြင်ထားသလို ဂွနဲ့ထိစပ်နေတဲ့ဧရာဝတီတိုင်းဘက်ခြမ်းမှာလည်း စစ်ရေးအတွက် စစ်ကောင်စီက ကြိုတင်ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ဂွမြို့နဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ ဧရာဝတီတိုင်းအတွင်းရှိ ရေကြည်၊ ငါးသိုင်းချောင်း၊ လေးမျက်နှာ၊ သာပေါင်းမြို့၊ ချောင်းသာ၊ ရွှေသောင်ယံနဲ့ ငွေသောင်ယံတို့မှာ ဂွဒေသခံ စစ်ဘေးရှောင်အများအပြားခိုလှုံနေပြီး စစ်ကောင်စီခန့်အပ်ထားတဲ့ ဧရာဝတီတိုင်းဝန်ကြီးချုပ်က ရခိုင်ပြည်သူတွေအပေါ် အစစ်အဆေးတင်းကျပ်တာတွေနဲ့ ဒေသတွင်းကနေ မောင်းထုတ်တာတွေလုပ်ဆောင်နေတယ်လို့ ဧရာဝတီတိုင်းအတွင်း စစ်ဘေးရှောင် ရောက်ရှိနေသူတွေက ပြောဆိုပါတယ်။
ဓာတ်ပုံ- AA Info Desk
ပုံစာ- AA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်(ပုံဟောင်း)