သာကေတမှာ ကားသုံးစီးဆင့်တိုက်၊ တစ်ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ

Author ကိုထက်
Categories
Published on Jun 19, 2024

ရန်ကုန်မြို့၊ သာကေတမြို့နယ်မှာ ဒီနေ့ ဇွန်လ ၁၉ ရက် မနက်ပိုင်းက ကားသုံးစီးဆင့်တိုက်မှုဖြစ်ပွားခဲ့ရာမှာ တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့တယ်လို့ သာကေတမြို့နယ် လူမှုကူညီရေးအသင်းထံမှ သိရပါတယ်။

 

ဒီနေ့ ဇွန်လ ၁၉ ရက် မနက် ၁၀ နာရီ ၃၅ မိနစ်ခန့်မှာ အဲဒီမြို့နယ် ဧရာဝဏ်လမ်းမကြီး ကျောက်တိုင်မှတ်တိုင်အနီးမှာ ဖြစ်ပွားခဲ့တဲ့ယာဉ်တိုက်မှုထဲ အသက် ၃၀ အရွယ် အမျိုးသမီး တစ်ဦးသေဆုံးတဲ့အပြင် အမျိုးသား တစ်ဦး၊ အသက် ၂၀ နဲ့ ၂၅ နှစ်အရွယ် အမျိုးသမီး နှစ်ဦးတို့ ဒဏ်ရာရခဲ့တယ်လို့ အဲဒီလူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက CJ Platform သို့ပြောပါတယ်။

“Light Truck ယာဉ်ကနေတိုက်တာ။ လမ်းဘေးကသွားနေတဲ့ အသက် ၃၀ အရွယ် အမျိုးသမီးကိုတိုက်မိတော့ သူကတော့ သေဆုံးသွားပါတယ်” လို့ သူက ပြောပါတယ်။

 

သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကို လူမှုကူညီကယ်ဆယ်ရေးကားတွေနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။

 

မိုးကြိုနဲ့ မိုးတွင်းကာလ ရန်ကုန်မှာ ယာဉ်ဆင့်တိုက်မှုတွေ မကြာခဏဖြစ်ပွားနေပြီး အသက်ဆုံးရှုံးမှုတွေလည်း ရှိနေတာပါ။

 

ပြီးခဲ့တဲ့မေလ ၁၉ ရက်တုန်းကလည်း ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နဲ့ မင်္ဂလာဒုံမြို့နယ်တို့မှာ ယာဉ်တိုက်မှုတွေ ဖြစ်ပွားလို့ တစ်ဦး သေဆုံးပြီး၊ ရှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

 

ဒါ့အပြင် မေလ ၁၄ ရက် ညပိုင်းကလည်း အင်းစိန်မြို့နယ် ဘိုခြံမှတ်တိုင်အနီးမှာ လမ်းဖြတ်ကူးနေတဲ့ အမျိုးသမီးနှစ်ဦးကို YBS 131 က ကြိတ်မိတဲ့အတွက် ‌သေဆုံးခဲ့ပြီး မေလ ၁၅ ရက်နေ့ကလည်း ရွှေပြည်သာမြို့နယ် အမှတ် ၄ လမ်းမကြီးပေါ်မှာ တွဲကားက ဘေးတွဲဆိုင်ကယ်သမားကို ကြိတ်မိလို့ သေဆုံးခဲ့ရပါတယ်။

 

ဓာတ်ပုံ – သာကေတမြို့နယ် လူမှုကူညီရေးအသင်း