စစ်ကောင်စီပြန်သိမ်းလိုက်တဲ့ ကနေဒီတောင်စခန်းမှ အနီးရွာတွေကို စစ်ကြောင်းထိုးပြီး အရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင် ရွားငါးခုက ဒေသခံတွေ ဘေးလွတ်ရာတိမ်းရှောင်

Author ဆလိုင်း
Categories
Published on Jun 19, 2024

စစ်ကောင်စီတပ်တွေ ပြန်သိမ်းလိုက်တဲ့ ချင်းပြည်၊ တီးတိန်မြို့နယ်ရှိ ကနေဒီတောင်တပ်စခန်းမှ အနီး ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး အရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်သွားသလို ဖုန်းတွေလည်း သိမ်းဆည်းသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

 

ဒီနေ့ ဇွန်လ ၁၉ ရက် မနက် ၇ နာရီခန့်ကစလို့ ကနေဒီတောင်တပ်စခန်းမှ စစ်ကောင်စီတပ်သားအင်အား(၁၀ဝ)ခန့်ဖြင့် ဇိုဇန်ကျေးရွာထဲသို့ ဝင်ရောက်လာပြီး အမျိုးသား ငါးဦးကို ဖမ်းဆီးခေါ်ဆောင်တဲ့အပြင် ကျေးရွာထဲက အရပ်သားတွေရဲ့ ဖုန်းတွေကို သိမ်းဆည်းသွားတယ်လို့ အဲဒီဒေသခံအမျိုးသားတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“စစ်တပ်တွေက ရွာထဲကို ဝင်ရောက်စီးနင်းသွားတဲ့ သဘောပါ။ ရွာထဲက စားစရာ ဆန်၊ ဆီတွေ၊ ဖုန်းတွေလည်း ယူသွားကြပါတယ်။ ရွာသား ငါးယောက်ကိုလည်း လက်ပြန်ကြိုးတုတ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ ဖမ်းခေါ်သွားတဲ့ သူတွေကို လူသားဒိုင်း ပုံစံနဲ့ ရှေ့ကနေ သွားခိုင်းပါတယ်” လို့ သူက ဆိုပါတယ်။

 

စစ်ကောင်စီက ဖမ်းဆီးသူတွေကို လက်ပြန်ကြိုးတုတ်ပြီး အာလွယ်ကျေးရွာသို့ ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် စစ်ကောင်စီရဲ့ အင်အားအလုံးရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် ကနေဒီတောင် တပ်စခန်းအနီးဝန်းကျင်က ဇိုဇန်၊ အာလွယ်၊ ထန်နွဲ၊ ဇုံး၊ ဖူနွမ်းရွာကျေးရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

 

ကနေဒီတောင် တပ်စခန်းကို စစ်ကောင်စီက ဇွန်လ ၁၈ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ဇိုလန်းထံမှ ပြန်လည်သိမ်းပိုက်ခဲ့ပါတယ်။

 

တီးတိန်မြို့ပေါ်မှာလည်း စစ်ကောင်စီက ခရီးသွားပြည်သူတွေရဲ့ ဖုန်းဆင်းကတ်တွေကို သိမ်းယူတာတွေပြုလုပ်ခဲ့တယ်လို့ မြို့ခံအမျိုးသားတစ်ဦးက CJ Platform သို့ပြောပါတယ်။

 

“တီးတိန်မြို့အထွက် စစ်တပ် စစ်ဆေးရေးဂိတ်မှာ ဖုန်းဆင်းကတ်တွေ သိမ်းသွားကြတာပါ။ ဖုန်းကတော့ စစ်ဆေးခံရတယ်။ ဖုန်းသိမ်းသွားတာက မရှိဘူး” လို့ သူက ဆိုပါတယ်။

 

တီးတိန်မြို့မှာ ပြီးခဲ့တဲ့ ဇွန်လ ပထမအပတ်မှာ တိုက်ပွဲတွေ ပြင်းထန်နေပေမဲ့ လက်ရှိမှာ တိုက်ပွဲတွေ မရှိတော့ဘဲ ငြိမ်သွားပြီးလို့ သိရပါတယ်။

 

ဓာတ်ပုံ – CJ