ငလျင်ဒဏ် မပြေသေးမီ အမရပူရ ဘုံးအိုးရွာက ပြည်သူတွေ မီးလောင်မှုကြောင့် ဒုက္ခ ထပ်မံကြုံ

Author CJ Platform
Categories
Published on Nov 19, 2025

အင်အားပြင်း ငလျင်ဒဏ်ကို ခံစားခဲ့ရတဲ့ မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ဘုံးအိုးကျေးရွာမှာ မနေ့က နိုဝင်ဘာ ၁၈ ရက်နေ့ က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး နေအိမ် ပျက်စီးမှုတွေရှိခဲ့တဲ့ အိမ်ထောင်စု ၁၄ စု အတွက် အကူညီတွေ လိုအပ်နေဆဲ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အမရပူရမြို့နယ်၊ ဘုံးအိုးကျေးရွာ အလယ်ရပ်မှာ နိုဝင်ဘာ ၁၈ ရက်နေ့၊ မနက် ၂ နာရီခန့် မှာ ဖြစ်ပွားခဲ့တဲ့ အဲဒီ မီးလောင်မှုဟာ Level 1 အဆင့် ယာဉ်အုပ်စုဖြင့် တစ်နာရီခန့်ကြာ မီးငြိမ်းသတ်ခဲ့ရတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

“ဆိတ်တွေ မွေးထားတဲ့ အိမ်က ညပိုင်း ခြင်တွေမကိုက်အောင် မီးဖို ပေးရာက ထရံကနေ တဆင့် အပေါ်ထပ်က ပဲမှော်တွေ လှောင်ထားတဲ့နေရာကို အဆင့်ဆင့် ကူးပြီး လောင်သွားခဲ့တာ” လို့ ဒေသခံ တစ်ဦးက CJ Platform ကို ပြောပါတယ်။

ဘုံးအိုးကျေးရွာဟာ လယ်ယာ စိုက်ပျိုးရေးကို အားထားလုပ်ကိုင်တဲ့ ကျေးရွာ ဖြစ်တဲ့အလျောက် နွား၊ ဆိတ် စတာတွေကို မွေးမြူထားပြီး တိရစ္ဆာန်တွေ ကျွေးဖို့အတွက် ပဲမှော်၊ ပြောင်း စတဲ့ အစာခြောက်တွေ သိုလှောင်ထားလေ့ရှိတယ်လို့လည်း သိရပါတယ်။

အခု မီးလောင်မှုမှာ ယာယီ ဗလီဆောင် တစ်ဆောင်၊ နေအိမ် ၉ လုံးခန့် ပျက်စီးခဲ့သလို၊ တိရစ္ဆာန်တွေအတွက် အစာသိုလှောင်ဆောင် ၂ လုံး ပျက်စီးခဲ့ရပြီး အိမ်ထောင်စုအားဖြင့် ၁၄ စု အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရကာ အခြေခံ လူသုံးပစ္စည်းတွေ အစလိုအပ်ချက်တွေ ရှိနေသေးတယ်လို့ နေအိမ်ဆုံးရှုံးခဲ့ရသူ တစ်ဦးက ပြောပါတယ်။

 

“မီးလောင်တော့ ဘာမှ ထိခိုက်မှု မရှိခဲ့ဘူး၊ ဘာမှတော့ မရလိုက်ဘူး လူပဲ အလွတ်ပြေးခဲ့ရတာ လို့၊ ပြီးတော့ ဘာသာရေးမှာ အလေးထားရတဲ့ ဗလီဆောင်ကလည်း ပျက်စီးသွားတယ်” လို့ မီးဘေးသင့် ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

 

လက်ရှိမှာ မီးလောင်ဆုံးရှုံးခဲ့ရတဲ့ ဒေသခံတွေက သက်ဆိုင်ရာ ဆွေမျိုးတွေရဲ့ နေအိမ်မှာ စသဖြင့် အဆင်ပြေရာနေရာတွေမှာပဲ ယာယီ နေထိုင်နေကြရတယ်လို့ သိရပါတယ်။

 

ဘုံးအိုးကျေးရွာဟာ အိမ်ခြေ ၃၀၀၀ ကျော်ရှိကာ အစ္စလာမ် ဘာသာဝင် အများစု နေထိုင်ပြီး သူတို့အတွက် အလေးအမြတ်ထားရတဲ့ ဗလီဆောင်တွေဟာ မြန်မာနိုင်ငံ အလယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့်ပဲ ပြိုကျပျက်စီးခဲ့ရသလို မနေ့က မီးလောင်မှုမှာလည်း ငလျင်ပြီးနောက်မှာ ယာယီ ဆောက်လုပ်ထားတဲ့ ဗလီအဆောက်အဦ တစ်ခုမှာ မီးလောင် ပျက်စီးခဲ့ရပါတယ်။

 

မန္တလေးခရိုင်၊ အမရပူရမြို့နယ်၊ ဘုံးအိုးကျေးရွာမှာ မတ်လ ၂၈ ရက်နေ့ က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် အစ္စလာမ်ဘာသာဝင်များ ဝတ်ပြုရာ ဗလီ ၉ လုံး ထိခိုက်ပျက်စီးခဲ့ပြီး အစ္စလာမ်ဘာသာဝင် ဒေသခံ ၂၀၀ ကျော် သေဆုံးခဲ့ရပါတယ်။

 

ဓာတ်ပုံ – CJ