ဆောထိမြို့နယ်မှာ စစ်ကောင်စီဗုံးကြဲလို့ ဒေသခံတစ်ဦး ထိခိုက်ခဲ့ပြီး စာသင်ကျောင်းအပါအဝင် နေအိမ်တွေ ပျက်စီး

Author CJ Platform
Categories
Published on Mar 19, 2025

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ရာ ညောင်လေးပင်ခရိုင် ဆောထိမြို့နယ် အတွင်းရှိ ကျေးရွာတွေကို မတ်လ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေမှာ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတစ်ဦး ထိခိုက်ခဲ့ပြီး စာသင်ကျောင်းအပါအဝင် နေအိမ် သုံးလုံး ထိခိုက်ပျက်ဆီးခဲ့တယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ကညင်ကျွန်းကျေးရွာနဲ့ သက်တူးကုန်းကျေးရွာတို့ကို စစ်ကောင်စီက တိုက်ခိုက်ခဲ့တာဖြစ်ပြီး သက်တူးကုန်းကျေးရွာကို လေကြောင်းနဲ့တိုက်ခိုက်ခဲ့ကာ ကညင်ကျွန်းကျေးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့  ဆိုပါတယ်။

စစ်ကောင်စီက ကညင်ကုန်းကျေးရွာကို ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့ နေ့လယ် ၁ နာရီ ၅၀ မိနစ်ခန့်မှာ ပေါင် ၃၀၀ ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အသက် ၅၀ အရွယ် ဦးလှမိုးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းရဲ့ နေအိမ်နဲ့ ကျေးရွာစာသင်ကျောင်း ထိခိုက်ပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ကညင်ကျွန်းကျေးရွာကို မတ်လ ၁၄ ရက်နေ့ နေလယ် ၂ နာရီခန့်က စစ်ကောင်စီရဲ့ ခလရ-၂၆၄ တပ်ရင်းကနေ ၁၂၀မမ သုံးလုံးပစ်ခတ်ခဲ့ လို့ နေအိမ် နှစ်လုံးကျည်စထိမှန်ပျက်စီးခဲ့တယ်လို့ လည်း ထုတ်ပြန်ချက်ထဲ ပါရှိပါတယ်။

 

စစ်ကောင်စီတပ်က အရပ်သားတွေကို ပစ်မှတ်ထားပြီး လေကြောင်းနဲ့ မြေပြင်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကြောင့် ခလယ်လွီထူခရိုင်အတွင်းနေထိုင်ကြတဲ့ ဒေသခံတွေ အသက်ရှင်သန်ရေး အတွက် စိုးရိမ်ကြောက်ရွံ့နေကြရတယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။

 

မနေ့က မတ်လ ၁၈ ရက်နေ့ကလည်း KNU ဌာနချုပ်အနီးကို စစ်ကောင်စီက ကာမီကာဇယ် ဒရုန်း ၃ လုံးဖြင့်လာရောက်တိုက်ခိုက်ခဲ့ပါ သေးတယ်။

 

ဓာတ်ပုံ – KNU