စစ်ရေးတင်းမာနေတဲ့ ရှမ်းမြောက်မှာ စစ်ကောင်စီက လက်နက်ကြီး၊ ဒရုန်းတို့နဲ့ ထပ်မံတိုက်ခိုက်

Author လဂွန်းအိမ်
Categories
Published on Jun 18, 2024

စစ်ကောင်စီနဲ့ တအောင်းတပ် TNLA တို့ကြား ရှမ်းမြောက် တအောင်းဒေသထဲ ဇွန်လအတွင်းမှစတင်၍ နှစ်ဘက်စစ်ရေးတင်းမာနေချိန် စစ်ကောင်စီတပ်ဘက်က ဇွန် ၁၅ နဲ့ ၁၆ ရက်တွေမှာ မိုးမိတ်နဲ့ နောင်ချိုမြို့နယ်တို့ရှိ ရွာတွေကို လက်နက်ကြီး၊ ဒရုန်းတို့နဲ့ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA) က ထုတ်ပြန်လာပါတယ်။

 

ပစ်ရပ်သဘောတူထားတဲ့ တအောင်းဒေသမှာ စစ်ကောင်စီနဲ့ TNLA တို့အကြား ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း တစ်ကျော့ပြန် စစ်ရေးတင်းမာနေတဲ့အနေအထားမှာ စစ်ကောင်စီဘက်က TNLA ထိန်းချုပ်ထားနေရာတွေကို လေယာဉ်၊ လက်နက်ကြီးနဲ့ ဒရုန်းတွေအသုံးပြုပြီး မကြာခဏ တိုက်ခိုက်နေတယ်လို့ PSLF/TNLA ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

 

ထိုသို့တိုက်ခိုက်နေရာမှာ ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့ ညနေ ၃ နာရီခွဲခန့်မှာ နောင်ချိုမြို့နယ်ရှိ ဘန့်ဘွေးကျေးရွာ၊ ဆမ္မဆယ်ရွာကို ဒရုန်းဖြင့် ဗုံးသီး လေးလုံးချ တိုက်ခိုက်ခဲ့တဲ့အပြင် ညနေ ၄ နာရီခန့်မှာ အုမ္မတီးနဲ့ အုမ္မခါးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က သုံးဆယ်ကျေးရွာ (၈)ရပ်ကွက်ကိုလည်း လက်နက်ကြီးနဲ့ နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ယမန်နေ့ ဇွန်လ ၁၅ ရက်နေ့ ည ၉ နာရီ ၄၅ မှ ၁၂ နာရီခန့်အထိ မိုးမိတ်​မြို့နယ်၊ ဒိုပင်ကျေးရွာသို့ လက်နက်ကြီး ခြောက်ကြိမ်နဲ့ နောင်ချိုမြို့နယ် ဆမ္မဆယ်ရွာဘက်ကို လက်နက်ကြီး ၈ ကြိမ်ခန့်အထိ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ PSLF/TNLA ရဲ့ ထုတ်ပြန်ချက်ထဲ ထည့်သွင်းဖော်ပြထားပါတယ်။

 

ဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ လူထိခိုက်သေဆုံးမှု ရှိမရှိနဲ့ပတ်သက်ပြီး TNLA ဘက်က ထည့်သွင်းဖော်ပြထားခြင်းမရှိပါဘူး။

 

စစ်ကောင်စီရဲ့ အရပ်သားပစ်မှတ်တွေဖြစ်တဲ့ ပြည်သူများနေထိုင်ရာ ကျေးရွာတွေကို ဦးတည်တိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာဒေသခံတချို့ စိုးရိမ်ပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

 

စစ်ရေးတင်းမာနေတဲ့ တအောင်းဒေသအတွင်း စစ်ကောင်စီက ဇွန်လဆန်းပိုင်းကတည်းက နောင်ချိုမြို့နယ်အတွင်းရှိ ပန်ဗွေကျေးရွာ၊ အုမ္မတီးနဲ့ အုမ္မခါးလမ်းခွဲ၊ ဘန့်ဘွေးနဲ့ ကန်ကော်ကျေးရွာတွေမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက အနီးရှိ ကျေးရွာတွေကို လက်နက်ကြီး/ငယ်၊ ဒရုန်းများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

 

အရပ်သားပစ်မှတ်နေရာတွေဖြစ်တဲ့ ဇွန်လ ၃ ရက်နေ့က ဇီးဖြူပင်ကျေးရွာ၊ ဇွန်လ ၄ နဲ့ ၅ ရက်နေ့တို့မှာ သုံးဆယ်ကျေးရွာ၊ ဇွန်လ ၁၅ နဲ့ ၁၆ ရက်နေ့တို့မှာ ဆမ္မဆယ်ကျေးရွာတွေက အရပ်သားပစ်မှတ်နေရာတွေကို ပစ်ခတ်ခဲ့ပါတယ်။

 

ဒါ့အပြင် ဇွန်လ ၉ ရက်နေ့မှာ ပန်တင်ရွာနဲ့ မန်ပိန်းရွာအကြားရှိ PSLF/TNLA တပ်စခန်းကို လေကြောင်းအသုံးပြုကာ ပေါင် ၅၀ဝ ဗုံးနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် TNLA ရဲဘော် သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

 

PSLF/TNLA