ပုလဲမြို့နယ်က NUG အခွန်ဂိတ်နေရာကို BNRA ဝင်ရောက်တိုက်ခိုက်၊ ပကဖ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရပြီး တစ်ဦး ဖမ်းဆီးခံထားရ
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပန်းရွာလမ်းစုံမှာရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အခွန်ကောက်ခံရေးဂိတ်ကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) က ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရပြီး တစ်ဦး ဖမ်းဆီးခံထားရတယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ထံက သိရပါတယ်။
ဒီနေ့ ဇန်နဝါရီ ၁၇ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ဖွင့်လှစ်ထားတဲ့ ပန်းရွာလမ်းစုံ မြို့နယ်အခွန်ကောက်ခံရေးဂိတ်ကို BNRA တပ်ဖွဲ့က အင်အားအများအပြားနဲ့ ဝင်ရောက်စီးနင်းခဲ့ချိန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပကဖရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
“ပုလဲမြို့နယ် မြို့နယ်အခွန်ဂိတ်ကို BNRA အဖွဲ့က သေနတ်ပစ်ဖောက် ဝင်ရောက်စီးနင်းခဲ့ပါတယ်။ တာဝန်ကျရဲဘော်တွေကို ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ထွက်ပြေးချိန် BNRA က သေနတ်နဲ့ လိုက်ပစ်တဲ့အတွက် ရဲဘော်တစ်ယောက် ခြေထောက်ထိမှန်ခဲ့တယ်” လို့ ဦးနေဘုန်းလတ်က CJ Platform ကို ပြောပါတယ်။
NUG အခွန်ကောက်ခံရေးဂိတ်ကို BNRA တပ်ဖွဲ့က ဝင်ရောက်စီးနင်းချိန် သေနတ် ၄ လက်နဲ့ အခွန်ကောက်ခံရရှိတဲ့ ဘဏ္ဍာငွေတွေကိုလည်း သိမ်းဆည်းသွားတယ်လို့ ယင်းမာပင်ခရိုင် ပအဖအဖွဲ့နဲ့ နီးစပ်သူတစ်ဦးထံက သိရပြီး ပုလဲမြို့နယ် ပအဖ ခေါင်းဆောင် ဦးဇော်ထက်နဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး တာဝန်ခံ ဦးဇော်ထွန်းတို့ကိုလည်း BNRA တပ်ဖွဲ့က လိုက်လံဖမ်းဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး BNRA ခေါင်းဆောင် ဗိုလ်နဂါးကို CJ Platform က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်ကလည်း ပုလဲမြို့နယ်အတွင်းမှာ BNRA က ဖွင့်လှစ်ထားတဲ့ အခွန်ကောက်ခံရေးဂိတ်နှစ်ခုကို NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းမှုရှိခဲ့သလို ဒီနေ့ မနက်ပိုင်းမှာလည်း BNRA တပ်ဖွဲ့က ပြန်လည်စီးနင်းမှုတွေ လုပ်ဆောင်ခဲ့တာကြောင့် ဒေသတွင်း နှစ်ဖက်တင်းမာမှု ရှိနေတာလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ – BNRA
