နမ့်စန်မှာ ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲကျကာ တစ်ဦးသေ ၉ဦးဒဏ်ရာရ
ရှမ်းပြည်၊ နမ့်စန်မြို့နယ်မှာ ခရီးသည်တင်ယာဉ်တစ်စီး လမ်းဘေးချောက်ထဲကို တိမ်းမှောက်ကျဆင်းမှုဖြစ်ပွားခဲ့တာကြောင့် တစ်ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒီကနေ့ ဇန်နဝါရီ ၁၇ ရက် မနက် ၁၀ နာရီခန့်မှာ နမ့်စန်မြို့နယ်၊ လွိုင်လင်-နမ့်စန် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မိုင်တိုင် (၁၇၇/၁) နဲ့ (၁၇၇/၂) ကြားမှာ ခရီးသည်တင်ယာဉ်တစ်စီး လမ်းဘေးချောက်ထဲကို တိမ်းမှောက်ကျဆင်းမှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

ယာဉ်တိမ်းမှောက်ခဲ့တာကြောင့် ယာဉ်ပေါ်ပါရှိသူ ၁၁ ဦးအနက် အမျိုးသားတစ်ဦးသေဆုံးပြီး ကျန်အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၆ ဦးတို့ ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့ သေဆုံးသူကိုတော့ လွိုင်လင်ခရိုင်မီးသတ်စခန်း၊ နမ့်စန်မြို့နယ်ကြက်ခြေနီအသင်းနဲ့ တောင်တန်းလူငယ်ပရဟိတအသင်းတို့က လူနာတင်ယာဉ်တွေနဲ့ လွိုင်လင်ခရိုင်ပြည်သူ့ဆေးရုံကို ကူညီပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့
