ယောမှာ WY ဆေးပြားတွေနဲ့ ဆက်စပ်သူ ငါးဦးကို တော်လှန်ရေးတပ်တွေက ဖမ်းဆီး

Author CJ Platform
Categories
Published on Nov 18, 2025

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ယောဒေသက ဆောမြို့မှာ WY ဆေးပြားတွေနဲ့အတူ ကုန်သည် လေးဦး နဲ့ မြို့ခံ တစ်ဦးကို ဖမ်းဆီးရမိပြီး မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ထိန်းသိမ်း စစ်ဆေးတာတွေ လုပ်နေတယ်လို့ ဒေသခံနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေဆီက စုံစမ်းရရှိပါတယ်။

 

အဲဒီ ဖမ်းဆီးမှုဟာ မနေ့က နိုဝင်ဘာ ၁၇ ရက် ညပိုင်းမှာ ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပြီး သတင်းရရှိချက်ကြောင့် ကုန်သည် လေးဦးနဲ့ သူတို့ကို လက်ခံထားရှိသူ ဆောမြို့ခံ အမျိုးသမီး တစ်ဦးကို ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

 

“ကြာလှပြီးအဖွဲ့တွေက ချောင်းနေကြတာ၊ မနေ့ကတော့ ရခိုင် ကုန်သည်တွေလေးယောက် နဲ့ ဆောမြို့ပေါ်က အိမ်ရှင်မ တစ်ယောက်ကို မိတာ၊ ပလဖကို အပ်ထားတယ်” လို့ တော်လှန်တပ်ဖွဲ့တွေနဲ့ နီးစပ်သူ ဒေသခံ တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဖမ်းဆီးရမိသူတွေကို ဆက်စပ်ပစ္စည်း WY ဆေးပြား ၃၀၀ နဲ့အတူ ဆောမြို့နယ် ပကဖ နဲ့ ပလဖ အဖွဲ့က ပူးပေါင်း ဖမ်းဆီးခဲ့တာလို့လည်း သိရပါတယ်။

 

“သတင်းရတော့ ညကင်း ဧည့်စာရင်း စစ်ရင်း ရှောင်တခင် တွေ့တာပါ၊ ဆက်စပ်ပစ္စည်းတွေ အကုန် သိမ်းထားပါတယ်” လို့ မြို့နယ် ပလဖ အဖွဲ့ဝင် တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဖမ်းဆီးရရှိမှု အခြေနေတွေနဲ့ အသေးစိတ် အချက်လက်တွေကိုတော့ သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့တွေက ထုတ်ပြန်ထားတာကို ဒီကနေ့ နိုဝင်ဘာ ၁၈ ရက် မနက်ပိုင်းအထိတော့ မတွေ့ရသေးပါဘူး။

 

မူးယစ်ဆေးဝါးတွေ သယ်ဆောင်သူတွေရဲ့ အသေးစိတ် ကြောင်းရာတွေ အတွက်လည်း CJ Platform က ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – ပေးပို့