ကင်းလှည့်ဖို့ စခန်းအပြင်ထွက်လာတဲ့ စစ်ကောင်စီတပ် အတိုက်ခံရပြီး သုံးဦးသေ

Author လဂွန်းအိမ်
Categories
Published on Jun 16, 2024

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ကင်းလှည့်ဖို့ စခန်းပြင်ပကို ထွက်လာတဲ့ အင်အား ၁၅ဦးခန့် ပါဝင်တဲ့ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီးတော့ လက်နက်တွေပါ သိမ်းဆည်းရမိတယ်လို့ Pakokku People Defrence Force( PPDF)ထံက သိရပါတယ်။

 

မနေ့က ဇွန်လ ၁၅ရက်နေ့ နေ့လယ်ပိုင်းမှာ ကိုင်းတောမစခန်းကနေ အရှေ့ဘက်ကို ကင်းလှည့်ထွက်လာတဲ့ စစ်ကြောင်းကို တိုက်ခိုက်ခဲ့တာပါ။

 

၁၅ မိနစ်အကြာတိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ပါ ပြန်လည်ပစ်ခတ်ပြီးတော့ သေဆုံး စစ်သားအလောင်းတွေကို ပြန်လည်ကောက်ယူဖို့ လုပ်ဆောင်ပေမယ့် အလောင်းတစ်ခုကိုသာ ပြန်လည်သယ်ယူသွားနိုင်ခဲ့တယ်လို့ သိရပါတယ်။

 

”သူတို့က ကိုင်းတောမစခန်းကနေ ပုံမှန် ကင်းပတ်ဖို့ အပြင်ထွက်လာတာ။ ကျွန်တော်တို့ အနီးကပ် ပစ်ခတ်နိုင်ခဲ့ပါတယ်ဗျ၊ သူတို့အလောင်းတွေကို ဆွဲတော့ဆွဲသေးတယ် မလွတ်တော့ သူတို့ ထားခဲ့တာဗျ” လို့ Pakokku People Defense Force (PPDF) တပ်ဖွဲ့တာဝန်ရှိသူက CJ Platform ကိုပြောပါတယ်။

 

အဲဒီတိုက်ပွဲမှာ ပခုက္ကူ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)နဲ့အတူ မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ ပခုက္ကူမြို့နယ် အခြေစိုက်စုဖွဲ့မှု တပ်ရင်းတပ်ဖွဲ့၊ Earthquake People’s Defence Force၊ Young Force UG၊ Hunter PKU၊ မြိုင် ပ.က.ဖ၊ Justice Revolution Force နဲ့ Thu Rain TR တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

 

ကိုင်းတောမစခန်းဟာ တော်လှန်ရေးအင်အားစုတွေ မကြာခဏ ဝင်ရောက် တိုက်ခိုက်တဲ့ စခန်းတစ်ခုဖြစ်ပြီးတော့ အရင်လအတွင်းကလည်း တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦး သေဆုံးခဲ့ပါသေးတယ်။

 

ဓာတ်ပုံ – PPDF

 

ပုံစာ – စစ်ကောင်စီတပ်သားများထံက သိမ်းဆည်းရမိသည့် လက်နက်များကို မြင်ရပုံ