ဒေါ်သက်သက်ခိုင်ရဲ့ PPP ပါတီ ဖျက်သိမ်းခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရ


နိုင်ငံခြားသံရုံးက ပုဂ္ဂိုလ်တချို့နဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်တို့ ခွင့်ပြုချက်မရှိဘဲ တွေ့ဆုံခဲ့တယ်လို့ဆိုပြီး စစ်အုပ်စုလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ မနေ့က ဇန်နဝါရီ ၁၄ ရက် ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။

 

PPP ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ထက်ထက်လှိုင်တို့ဟာ စစ်အုပ်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ခွင့်ပြုချက်မယူဘဲ နိုင်ငံခြားသံရုံးက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့လို့ဆိုကာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၆ (စ) နဲ့ ငြိစွန်းတယ်လို့ ဖော်ပြထားပြီး ပုဒ်မ ၁၂ အရ အရေးယူသွားမယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် နိုင်ငံရေးပါတီတွေအနေနဲ့ ပြည်ပအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဖို့ရှိရင် စစ်အုပ်စုရွေးကောက်ပွဲကော်မရှင်ထံ ကြိုတင်အသိပေးရမယ်လို့ ပြောဆိုထားပေမယ့် ဒေါ်သက်သက်ခိုင်နဲ့ ဒေါ်ထက်ထက်လှိုင်တို့ဟာ အသိပေးအကြောင်းကြားခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။

 

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂ နဲ့ အရေးယူခံရရင် PPP ပါတီဟာ နိုင်ငံရေးပါတီအဖြစ်ကနေ ဖျက်သိမ်းခံရနိုင်ပြီး ပါတီဥက္ကဋ္ဌဖြစ်သူ ဒေါ်သက်သက်ခိုင်နဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ထက်ထက်လှိုင်တို့ အရေးယူရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။

 

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၆ (စ) အရ နိုင်ငံခြားတိုင်းပြည်တစ်ခုခု၏ အစိုးရ သို့မဟုတ် ဘာသာရေးအဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြားအထောက်အပံ့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲခြင်း သို့မဟုတ် ယင်းတို့၏ ဩဇာခံယူခြင်း မပြုရလို့ ဖော်ပြထားပါတယ်။

 

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂ (က)၊ ပုဒ်မခွဲငယ် ၆ မှာ ပုဒ်မ ၆ ပါ ဝန်ခံချက်တစ်ရပ်ရပ်ကို စောင့်ထိန်းလိုက်နာရန် ပျက်ကွက်ရင် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့်မရှိစေရလို့ ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။

 

စစ်အုပ်စု ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ထားပြီးနောက် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP)၊ အမျိုးသမီးပါတီ (မွန်) နဲ့ ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီတို့လည်း ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၉ ရက်မှာ ဖျက်သိမ်းခံခဲ့ရပါသေးတယ်။

 

ဓာတ်ပုံ – PPP

 

 

 

Related News

Depend on news