ပျူစောထီးခေါင်းဆောင် သီတာယုမွန်ရဲ့ အမျိုးသားအပါအဝင် လေးဦးကို ဖမ်းဆီးရမိ
စစ်အုပ်စုလက်အောက်ခံ ပျူစောထီးခေါင်းဆောင် ဒေါ်သီတာယုမွန်ရဲ့ အမျိုးသားအပါအဝင် လေးဦးကို မန္တလေးတိုင်း မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း တပ်ခွဲ ၂ (တောင်သာတပ်ရင်း) က အခု ဇန်နဝါရီ ၁၄ ရက်မှာ ဖမ်းဆီးရမိထားတယ်လို့ တောင်သာတပ်ရင်းထံက သိရပါတယ်။

ဒေါ်သီတာယုမွန်ရဲ့ အမျိုးသားကို မြင်းခြံကနေ ပုဂံ-ညောင်ဦးလမ်းအတိုင်း မော်တော်ယာဉ်နဲ့ မောင်းနှင်လာချိန် တောင်သာတပ်ရင်း ထိန်းချုပ်နယ်မြေအတွင်း ဖမ်းဆီးရမိခဲ့တာလို့ တောင်သာတပ်ရင်း ဒုတပ်ရင်းမှူး ကိုမင်းသားထံက သိရပါတယ်။
“ဖမ်းဆီးရမိတာ လေးယောက်ပါ။ သုံးယောက်ကို စစ်နေတုန်းပါ။ သူနဲ့အတူ မူးယစ်ဆေးဝါးတွေရယ်၊ ကားရယ်၊ ငွေသားတချို့ရယ် သိမ်းဆည်းရမိတယ်။ လက်နက်ခဲယမ်းတော့ မပါဘူး” လို့ ကိုမင်းသားက CJ Platform ကို ပြောပါတယ်။

မြင်းခြံခရိုင်အတွင်း စစ်အုပ်စုအထောက်အပံ့နဲ့ စစ်ရေးလှုပ်ရှားနေတဲ့ ဒေါ်သီတာယုမွန်ရဲ့ အမျိုးသားဟာ ပျူစောထီး ဒုခေါင်းဆောင် ရာထူးရယူထားသူဖြစ်တယ်လို့ သိရပါတယ်။
သူ့ကို လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ဆောင်ကာ ယာယီထိန်းသိမ်းထားပြီး လိုအပ်လာရင် သက်ဆိုင်ရာအကြီးအကဲတွေနဲ့ ညှိနှိုင်းကာ တာဝန်ရှိသူတွေထံ လွှဲပြောင်းပေးဖို့ ရှိတယ်လို့ သိရပါတယ်။

စစ်အုပ်စုက လက်နက်ခဲယမ်းထောက်ပံ့ပေးထားတဲ့ ပျူခေါင်းဆောင် သီတာယုမွန်အဖွဲ့ဟာ အင်အားများပြားပြီး မြင်းခြံခရိုင်အတွင်းက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မကြာခဏ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုတွေ ရှိနေတာလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ – မြင်းခြံခရိုင် အမှတ်(၃) တပ်ရင်း
