ထားဝယ်မှာ ဆီတင်သင်္ဘောမီးလောင်လို့ ရှစ်ယောက်သေဆုံး
တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ကြက်စာပြင်ရပ်ကွက်၊ ကမ်းနားလမ်းဆိပ်ကမ်းမှာ ဆီတင်သင်္ဘော မီးလောင်မှုအတွင်း လူရှစ်ဦးသေဆုံးခဲ့ရတယ်လို့ ထားဝယ်မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မီချီလီအမည်ရှိ ဆီသင်္ဘောဟာ ယမန်နေ့ အောက်တိုဘာလ ၁၄ ရက် ညနေ ၄ နာရီခွဲခန့်ကနေ ဒီကနေ့ မနက် ၈ နာရီခွဲခန့်အထိ ၁၆ နာရီခန့်ကြာအောင် လောင်ကျွမ်းခဲ့တာပါ။
ဒါကြောင့် အမျိုးသား ခုနစ်ဦး၊ အမျိုးသမီး တစ်ဦးတို့ သေဆုံးခဲ့ရတဲ့အပြင် အမျိုးသား နှစ်ဦး၊ အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရရှိသလို အမျိုးသားတစ်ဦး ပျောက်ဆုံးနေတယ်လို့လည်း သိရပါတယ်။
အဲဒီဆီတင်သင်္ဘောဟာ B29 ဆီသိုလှောင်ကန်ထဲ စက်သုံးဆီထည့်နေချိန် မီးလောင်ကျွမ်းခဲ့တာကြောင့် ဆီသယ်သင်္ဘောပေါ်ရှိ ဒီဇယ်နဲ့ ဓာတ်ဆီ လီတာ တစ်သိန်းလောက် မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ထားဝယ်မီးသတ်တပ်ဖွဲ့
ပုံစာ – မီးလောင်နေတဲ့ ဆီတင်သင်္ဘောကို မီးငြှိမ်းသတ်နေချိန်