လပေါင်း ၄၀ အတွင်း နိုင်ငံတဝန်း စစ်ဘေးရှောင် သုံးသန်းကျော်ရှိပြီး စစ်ကိုင်းတိုင်းမှာ ၁ သန်းကျော်အထိရှိ

Author မင်းထက်
Categories
Published on Jun 14, 2024

စစ်အာဏာသိမ်းမှုစတင်ချိန်ကနေ  ၂၀၂၄ ခုနှစ်၊ မေလ ၂၅ ရက်အထိ လပေါင်း ၄၀ အတွင်း မြန်မာနိုင်ငံတဝန်း စစ်ဘေးရှောင်ပြည်သူ သုံးသန်းကျော်(၃ ဒသမ ၀၇ ဦး)အထိရှိလာခဲ့ပြီး စစ်ကိုင်းတိုင်းဟာ အများဆုံး ဖြစ်တယ်လို့ စစ်ရေးပဋိပက္ခတွေကို လေ့လာစောင့်ကြည့်နေတဲ့ BNI – Myanmar Peace Monitor အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

နိုင်ငံတ၀န်း စစ်ဘေးရှောင်အရေအတွက် ကိန်းဂဏန်းတွေကို ဒေသအလိုက်လေ့လာခဲ့ရာမှာ စစ်ကိုင်းတိုင်းမှာ ၁ ဒသမ ၃ သန်းကျော်ရှိတာကြောင့် တခြားဒေသတွေထက် အများဆုံးဖြစ်တယ်လို့ BNI – Myanmar Peace Monitor အဖွဲ့က ဆိုပါတယ်။

 

စစ်ကောင်စီလက်အောက်ခံ စစ်ကြောင်းတွေဝင်ရောက်တာ၊ အဝေးကနေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာ၊ လေကြောင်းကနေဗုံးကြဲ ပစ်ခတ်တိုက်ခိုက်တာတွေအပြင် စစ်ကောင်စီတပ်နဲ့တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် နေရပ်စွန့်ခွာ စစ်ဘေးရှောင်ဦးရေဟာ တိုးပွားလာနေတာဖြစ်တယ်လို့ သိရပါတယ်။

 

BNI ရဲ့အစီရင်ခံစာအရ ပဲခူးတိုင်း (အရှေ့ပိုင်း)၊ မကွေးတိုင်း၊ ကရင်ပြည်နယ်၊ ကရင်နီပြည်(ကယား)၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တွေမှာ  စစ်ဘေးရှောင်အရေအတွက် သိန်းနှင့်ချီရှိတယ်လို့ သိရပါတယ်။

 

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)နဲ့ ကမ္ဘာ့စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာအဖွဲ့ (FAO)ရဲ့ ဇွန်လ ၅ရက်က ပူးတွဲထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝန်း စစ်ရေးပဋိပက္ခတွေ ပိုမိုပြင်းထန်နေတာကြောင့် နေရပ် စွန့်ခွာထွက်ပြေးတိမ်းရှောင်သူအရေအတွက်ဟာ နေ့စဉ်တိုးပွားလာခဲ့ပေမယ့် အစားအသောက်နဲ့ အကူ အညီပေးရေးကိစ္စရပ်တွေကို ကန့်သတ်ခံနေရတယ်လို့ ဆိုပါတယ်။ ၂၀၂၄ခုနှစ်အတွင်း မြန်မာပြည်သူ ၁၃သန်းကျော်အထိ စားနပ်ရိက္ခာ မလုံလောက်မှုကို ကြုံတွေ့ရနိုင်တယ်လို့ သတိပေးထားပါတယ်။

 

ဓာတ်ပုံ – ပြည်သူမှ ပြည်သူသို့ ( ဆားလင်းကြီးမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းကြောင့် ဧပြီလ ၅ ရက်နေ့က တိမ်းရှောင်နေကြစဥ်)