ကျိုက်မရောထောင်မှာ လွတ်ခါနီး အကျဉ်းသားတစ်ဦး ဓာတ်လိုက်၊ အသက်အန္တရာယ်စိုးရိမ်ရ

Author လဂွန်းအိမ်
Categories
Published on Jun 14, 2024

မွန်ပြည်နယ်၊ ကျိုက်မရောအကျဉ်းထောင်အတွင်း လွတ်ရက်စေ့ခါနီး အကျဉ်းသားတစ်ဦး အတွင်းအုတ်ရိုးပေါ် သွပ်ပြားတက်ကာရင်း အမြင့်ပေ ၂၀ ခန့်ကနေ ဓာတ်လိုက်ပြုတ်ကျခဲ့လို့ ဇွန်လ ၁၂ ရက်နေ့မှာ ဆေးရုံပို့ဆောင်ခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ဆီကနေ သိရပါတယ်။

 

အကျဉ်းထောင်ရဲ့ အတွင်းအုတ်ရိုး အမျိုးသားဆောင်နဲ့ အမျိုးသမီးဆောင်အကြားမှာ လျှပ်စစ်လွှတ်ထားခြင်းမရှိဘဲ ဝရိန်ဆော်ပုံးရဲ့ လျှပ်စစ်လမ်းကြောင်းကနေ ဓာတ်လိုက်ခဲ့တာလို့သိရပြီး အမျိုးသမီး‌အဆောင်ဘက်ကို ပြုတ်ကျခဲ့တာကြောင့် အမျိုးသမီးအကျဉ်းသားတွေက အော်ဟစ်အကူအညီတောင်းခဲ့ရတယ်လို့ သိရပါတယ်။

 

“တစ်ခုခုဖြစ်သွားရင် ထောင်ပိုင်တွေ ညွန်ကြားရေးမှူးတွေအပေါ်မှာ တာဝန်ရှိတယ်လို့ ဝိုင်းဝန်းတောင်းဆိုပေးကြတာပါ။ ဆူပူတာမဟုတ်ဘူးပေါ့နော်။ ဒါကို စစ်ကောင်စီက ထောင်တွင်းမှာ ဆူဆူပူပူလုပ်တယ်လို့ ပြောဆိုခဲ့တာပါ” လို့ PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက CJ Platform ကို ပြောပါတယ်။

 

ဓာတ်လိုက်ခဲ့တဲ့ အကျဉ်းသားမှာ လွတ်ရက်စေ့ခါနီး အကျဉ်းသားတစ်ဦးဖြစ်ပြီး အကျဉ်းသားတွေက တောင်းဆိုလို့ ၎င်းကို မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ကုသနေတယ်လို့ သိရပြီး အသက်အန္တရာယ် စိုးရိမ်ရဖွယ်ရှိကြောင်း PPNM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

လူမှုကွန်ရက်