အစ္စရေးကို လက်နက်ရောင်းချဖို့ တုံ့ဆိုင်းနေတာဟာ ဟားမက်စ်တွေကို ပိုပြီးအားကောင်းလာစေလိမ့်မယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးပြော

Author အဂ္ဂ
Categories
Published on May 14, 2024

အစ္စရေးကို လက်နက်တင်ပို့ ရောင်းချဖို့ တုံ့ဆိုင်းနေတာဟာ “ပညာရှိလမ်းစဉ်” မဟုတ်ဘဲ ဟားမက်စ်တွေကိုသာ ပိုပြီးအားကောင်းလာစေလိမ့်မယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်းက မေလ ၁၂ ရက်နေ့မှာ ပြောကြားခဲ့တယ်လို့ နိုင်ငံတကာ သတင်းဌာနတွေက ဖော်ပြကြပါတယ်။

 

အစ္စရေးတို့ကို ဂါဇာကမ်းမြောင်တောင်ပိုင်းက ရာဖာမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့မယ်ဆိုရင် လက်နက်ထောက်ပံ့မှု ရပ်ဆိုင်းမယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အမေရိကန်ရဲ့ လမ်းစဉ်အတိုင်း ဗြိတိန်ကလည်း လိုက်လုပ်ဖို့ အစီအစဉ်ရှိမရှိ  မေးမြန်းခဲ့ရာမှာ ဒေးဗစ်ကင်မရွန်းက “ ဗြိတိန်ဟာ အစ္စရေးတို့ကို လက်နက် အနည်းအကျဉ်းသာ ထောက်ပံ့ခဲ့တာကြောင့် အမေရိကန်နဲ့  မတူညီတဲ့အတွက် နိုင်ငံနှစ်နိုင်ငံကို နှိုင်းယှဉ်လို့ မရပါဘူး”လို့ ပြန်လည်ဖြေကြားခဲ့တာပါ။

 

“UK က အစ္စရေးတို့ရဲ့ လက်နက်ခဲယမ်း တစ် ရာခိုင်နှုန်း (၁%) ထက်နည်းတဲ့ ပမာဏကို ထောက်ပံ့ပေးနေပြီး ဒါက နိုင်ငံတော် အဆင့် ထောက်ပံ့ကူညီမှုတော့ မဟုတ်ပါဘူး၊ ကျွန်တော်တို့မှာ ခွင့်ပြုချက်စနစ်တစ်ခုလည်း ရှိပြီး အကယ်၍ အဲဒီနေရာမှာ (ဂါဇာကမ်းမြောင်ဒေသမှာ) အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးချိုးဖောက်မှု အန္တရာယ်ကြီးကြီးမားမားရှိတယ်လို့ ဆုံးဖြတ်ခဲ့ရင်တော့ ခွင့်ပြုချက်ကို ကျွန်တော်တို့ ရပ်ဆိုင်းပစ်လိုက်နိုင်ပါတယ်”လို့ သူက BBC သတင်းဌာနကို မနေ့က ပြောခဲ့ပါတယ်။

 

ဂါဇာကမ်းမြောင်ဒေသက ဟားမက်စ်တို့ရဲ့ အမာခံနယ်မြေလို့ ယူဆထားတဲ့ ရာဖာမြို့ကို အစ္စရေးဘက်က အပြီးသတ်ချေမှုန်းတိုက်ခိုက်တာမျိုး လုပ်ခဲ့မယ်ဆိုရင် အစ္စရေးကို ပေးနေတဲ့ လက်နက်နဲ့ အမြောက်တွေ ထောက်ပံ့ပေးနေမှုကို ရပ်ဆိုင်းပစ်မယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ရှေ့ရက်တွေတုန်းက ပြောကြားခဲ့တာပါ။

 

ဗြိတိန်ရဲ့ အတိုက်အခံပါတီဖြစ်တဲ့ လေဘာပါတီ (Labour Party) နဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေကလည်း ဗြိတိန်အနေနဲ့ အလားတူ ရပ်တည်ချက်မျိုးအတိုင်း လိုက်လုပ်သင့်ပြီး ဂါဇာထိုးစစ်ဆင်နွှဲနေတဲ့ အစ္စရေးတို့ကို ဗြိတိန်လုပ် လက်နက်နဲ့ လက်နက်ခဲယမ်း အစိတ်အပိုင်းတွေကို ရောင်းချနေတာတွေ ရပ်တန့်သင့်တယ်လို့ ဝေဖန်ထောက်ပြနေကြပါတယ်။

 

အစ္စရေးတို့ဟာ အမေရိကန်က ထောက်ပံ့ပေးထားတဲ့ လက်နက်တွေကို အသုံးပြုပြီး ဂါဇာဒေသမှာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေတွေကို ချိုးဖောက်ခဲ့ပုံရတယ်လို့ အမေရိကန် အစိုးရက သောကြာနေ့ (မေလ ၁၀) ရက်နေ့မှာ ပြောခဲ့ပါတယ်။

 

ဒါပေမဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ရင်တော့ အမေရိကန်လက်နက်တွေ အသုံးပြုခဲ့ မပြုခဲ့ဆိုတာကို အသေးစိတ်ဆုံးဖြတ်ဖို့အတွက်ကတော့ စစ်ပွဲရဲ့အခြေအနေတွေက အမေရိကန် အရာရှိတွေအတွက် အကန့်အသတ်တွေရှိနေတယ်လို့ ထပ်လောင်းပြောကြားပါတယ်။

 

အရပ်သားတွေကို ကာကွယ်စောင့်ရှောက်ဖို့ တိကျရှင်းလင်းတဲ့ အစီအစဉ်မရှိဘဲနဲ့တော့ ဗြိတိန်ဟာ ရာဖာမြို့ ထိုးစစ်ဆင်မှုကို ထောက်ခံတာမျိုးလုပ်မှာမဟုတ်ဘူးလို့ ကင်မရွန်းက ဆက်ပြောပါတယ်။

 

ဗြိတိန်အခြေစိုက် လက်နက်ကုန်သွယ်မှု ဆန့်ကျင်ရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ The Campaign Against Arms Trade (CAAT) အဖွဲ့ကတော့ ၂၀၁၅ ခုနှစ်ကနေစပြီး ဗြိတိန်နိုင်ငံဟာ အစ္စရေးနဲ့ လက်နက်ကုန်သွယ်မှု ပြုလုပ်ခဲ့တဲ့ တန်ဖိုးဟာ စတာလင်ပေါင် တစ်ဘီလီယံခန့် ရှိနိုင်တယ်လို့ ဆိုပြီး ဒီပမာဏဟာ အစိုးရဘက်က ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေထက်လည်း များပါတယ်။

 

BAE System လို့ အမည်ရတဲ့ ဗြိတိန်စက်မှုလုပ်ငန်းကနေပြီး အစ္စရေးတို့ အသုံးပြုနေတဲ့ F-35 ကိုယ်ပျောက်တိုက်ခိုက်ရေးလေယာဉ်တွေရဲ့ အစိတ်အပိုင်း ၁၅ ရာခိုင်နှုန်းခန့်ကို ပံ့ပိုးကူညီခဲ့တယ်လို့ အဆိုပါ အဖွဲ့ကဆိုပါတယ်။ အဲ့ဒီလေယာဉ်တွေကို ဂါဇာကမ်းမြောင်ဒေသကို ဗုံးကြဲတဲ့နေရာမှာ သုံးခဲ့တယ်လို့ CAAT ကစွပ်စွဲခဲ့ပြီး လေယာဉ်အစိတ်အပိုင်းတွေနဲ့ ခွင့်ပြုမိန့်အတွက်ပေးချေရတဲ့ တန်ဖိုးအသေးစိတ်ကိုတော့ မသိရသေးဘူးလို့လည်း ဆိုပါတယ်။

 

နိုင်ငံတကာက အကူအညီတွေ ပေးပို့ဖို့ လုပ်ဆောင်ချက်တွေရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဗြိတိန်တွေ ဂါဇာကမ်းမြောင်ဒေသကို ခြေချမယ့် ကိစ္စဟာ “ကျွန်တော်တို့ မလုပ်သင့်တဲ့ စွန့်စားမှုတစ်ခုပါပဲ” လို့ ကင်မရွန်းကဆက်ပြောပါတယ်။

 

ဗြိတိန်အစိုးရဟာ အမေရိကန်တွေ တည်ဆောက်ထားတဲ့ ယာယီဆိပ်ခံတံတားကနေပြီး လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပို့ဆောင်ဖို့အတွက် ဂါဇာဒေသမှာ တပ်ဖြန့်ဖို့ စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်လာပြီးတဲ့နောက်မှာ ကင်မရွန်းက အခုလို မှတ်ချက်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

 

ကင်းမရွန်းက သူ့အစိုးရရဲ့ သဘောထားဖြစ်တဲ့ ဗြိတိန်တွေကိုယ်တိုင် ဂါဇာဒေသကို ခြေချဖို့ ကိစ္စဟာ ကောင်းမွန်တဲ့ ခြေလှမ်းတစ်ခုမဟုတ်ဘဲ အဲ့ဒီအစား အကူအညီ အထောက်အပံ့တွေကို ကန်တရိုက်တွေကနေ တဆင့် ဆောင်ရွက်တာမျိုးပဲ လုပ်ဆောင်နိုင်ဖွယ်ရှိတယ်လို့ ဆက်ပြောပါတယ်။

 

ဓာတ်ပုံ- Victoria Jones/PA via AP

 

ကိုးကား – AP News