ရွေးကောက်ပွဲအပိုင်း (၂) ကျင်းပချိန် တိုက်ခိုက်ခံရမှုတွေကြောင့် ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ စစ်အုပ်စု ပြော

Author CJ Platform
Categories
Published on Jan 13, 2026

ရွေးကောက်ပွဲအပိုင်း (၂) ကိုကျင်းပချိန် ပြည်နယ်နဲ့ တိုင်းဒေသတချို့မှာ တိုက်ခိုက်ခံရမှုတွေရှိခဲ့ပြီး နှစ်ဦး သေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စစ်အုပ်စုက ဒီနေ့ ဇန်နဝါရီ ၁၃ ရက်မှာ ထုတ်ပြန်လာပါတယ်။

 

ကရင်နီပြည်၊ တနင်္သာရီတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်းတို့ထဲက မြို့တချို့နဲ့ ကျေးရွာတချို့မှာ ရွေးကောက်ပွဲအပိုင်း (၂) ကျင်းပချိန် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရမှုတွေရှိခဲ့တာဖြစ်ပြီး စစ်အုပ်စုလက်အောက်ခံ ဝန်ထမ်း နှစ်ဦး သေဆုံးခဲ့ကာ တခြားဝန်ထမ်း နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စစ်အုပ်စု ထိန်းချုပ်ထားတဲ့ ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

 

ကရင်နီပြည်ထဲက ဖရူဆိုမြို့၊ ပဲခူးတိုင်းထဲက ထန်းတပင်မြို့၊ မကွေးတိုင်းထဲက ဂန့်ဂေါ၊ ဆိပ်ဖြူ၊ စလင်းနဲ့ ကံမမြို့တွေထဲကို တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်အုပ်စုက ဖော်ပြထားပြီး စစ်ကိုင်းတိုင်းထဲက ချောင်းဦး၊ ဘုတလင်နဲ့ မြင်းမူမြို့တို့မှာလည်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

 

စစ်အုပ်စုဟာ သူတို့ ရွေးကောက်ပွဲ ကျင်းပတဲ့ နေ့မှာပင် လေကြောင်းတိုက်ခိုက်မှုတွေကို ရပ်နားခြင်း မရှိဘဲ စာသင်ကျောင်းနဲ့ ဒေသခံတွေနေထိုင်ရာ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှုတွေကိုလည်း ဆက်တိုက်ဆိုသလို လုပ်ဆောင်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုတွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

 

စစ်အုပ်စုကျင်းပတဲ့ရွေးကောက်ပွဲဟာ စစ်အုပ်စုထွက်ပေါက်အနေနဲ့ အသုံးပြုတဲ့ ဟန်ပြရွေးကောက်ပွဲလို့ တော်လှန်ရေးအဖွဲ့တွေက ရှုတ်ချထုတ်ပြန်ထားပြီး ရွေးကောက်ပွဲကို ဆန့်ကျင်သွားမှာဖြစ်သလို စစ်အုပ်စုအခြေစိုက်ရာ တပ်စခန်းနေရာတွေကိုလည်း ဆက်လက်တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ထားကြပါတယ်။

 

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၈ ရက်က ရွေးကောက်ပွဲအပိုင်း (၁) ကျင်းပချိန် ချင်းပြည် ဟားခါးမြို့နဲ့ စစ်ကိုင်းတိုင်း ကသာမြို့တို့မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အခု ဇန်နဝါရီ ၁၁ ရက် ရွေးကောက်ပွဲအပိုင်း (၂) ကျင်းပချိန် ပဲခူးတိုင်း မြို့နယ်တချို့မှာရှိတဲ့ စစ်အုပ်စုတပ်စခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။

 

ဓာတ်ပုံ – ပဲခူးခရိုင်တပ်ရင်း ၃၇၀၂