ပဲနွယ်ကုန်းမြို့အနီး တိုက်ပွဲအတွင်း အထိနာခဲ့တဲ့ စစ်အုပ်စုက ကြိမ်ခါးကုန်းရွာကို မီးရှို့နေ
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့ ကြိမ်ခါးကုန်းရွာကို စစ်အုပ်စုက ဒီနေ့ ဇန်နဝါရီ ၁၃ ရက် မနက်ပိုင်းမှာ ဝင်ရောက်မီးရှို့နေတယ်လို့ ပဲနွယ်ကုန်းဒေသခံတစ်ဦးထံက သိရပါတယ်။
မနေ့က ဇန်နဝါရီ ၁၂ ရက်က ကြိမ်ခါးကုန်းရွာအနီးမှာ စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က အထိနာခဲ့တာကြောင့် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေလည်း လုပ်ဆောင်ခဲ့ပါသေးတယ်။
“မနေ့က သူတို့ အထိနာသွားတယ်။ အခု ဒီမနက် ကြိမ်ခါးကုန်းရွာထဲကို မီးဝင်ရှို့နေတယ်။ သူတို့ အင်အားအတော်များများနဲ့ ပြန်ဝင်လာတာ၊ အဲဒီနေရာက သတ်ကွင်းလိုဖြစ်နေတာ” လို့ ပဲနွယ်ကုန်းဒေသခံက CJ Platform ကို ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး မီးရှို့မှုတွေကြောင့် ကျေးရွာအတွင်းက ဒေသခံပြည်သူအများအပြားက စစ်ဘေးရှောင်နေကြရပြီး တချို့ကို စစ်အုပ်စုက ဖမ်းဆီးသွားတယ်လို့ သူက ဆက်ပြောပါတယ်။
ကြိမ်ခါးကုန်းရွာဟာ ရန်ကုန်-မန္တလေး လမ်းဟောင်းနဲ့ ပဲနွယ်ကုန်း-ကျောက်တံခါးလမ်းမအနီးမှာရှိနေတဲ့ ကျေးရွာတစ်ခုဖြစ်ပြီး ပဲနွယ်ကုန်းမြို့နဲ့ တစ်မိုင်ဝန်းကျင်သာ ဝေးကွာပါတယ်။
အခု ဇန်နဝါရီလအတွင်း ပဲခူးတိုင်း ကျောက်တံခါး၊ ထန်းတပင်၊ မင်းလှနဲ့ ကြို့ပင်ကောက်မြို့နယ်တို့မှာ တိုက်ပွဲဖြစ်ပွားမှုတွေရှိနေတာဖြစ်ပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေများပြားခဲ့သလို ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်က စစ်အုပ်စုတပ်စခန်းအများအပြားကိုလည်း လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။
ဓာတ်ပုံ – ပေးပို့
