ချင်းပြည်မှာလဲ စုစည်းကြပြီ
ချင်းပြည်အတွင်းမှာ စစ်ရေးနဲ့ နိုင်ငံရေးကို ဟန်ချက်ညီညီ ဦးဆောင်နိုင်ဖို့အတွက် ချင်းကာကွယ်ရေးတပ်ဖွဲ့ ၄ ဖွဲ့က ချင်းပြည်သူ့အစည်းအရုံး (CPU) နဲ့ ချင်းပြည်သူ့တပ်မတော် (CPA) အဖြစ် စုစည်းဖွဲ့စည်းလိုက်တယ်လို့ မနေ့က ဇန်နဝါရီ ၁၂ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
ချင်းညီနောင်အဖွဲ့ဝင်တွေဖြစ်တဲ့ မင်းတပ်၊ မတူပီ၊ ကန်ပက်လက် မြို့နယ်တွေက တော်လှန်ရေးအဖွဲ့တွေအပြင် ဒိုင်ရ်ဒေသန္တရကောင်စီ (CDF-Daai) တို့ပူးပေါင်းပြီး စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိဖို့အတွက် အခုလို စုစည်းဖွဲ့စည်းလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
CPU/CPA အနေနဲ့ စစ်ရေး၊ နိုင်ငံရေးကို လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ဖို့ ချင်းညီနောင်အဖွဲ့ဝင်တွေဖြစ်တဲ့ CDF-မင်းတပ်၊ CDF-မတူပီ၊ CDF-ကန်ပက်လက် နဲ့ CDF-ဒိုင်ရ် တို့ စုစည်းပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့ကတည်းက စတင်ဖွဲ့စည်းခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် (CPU/CPA) ဟာ ချင်းညီနောင်အဖွဲ့ဝင်အဖြစ်နဲ့ပဲ ဆက်လက်ရပ်တည်သွားမှာဖြစ်ပြီး မဟာမိတ်တွေနဲ့ ပူးပေါင်းကာ စစ်ရေး၊ နိုင်ငံရေး လုပ်ငန်းစဉ်တွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း ပါရှိပါတယ်။
ချင်းပြည်အတွင်း စစ်အာဏာသိမ်းပြီးနောက် ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) နဲ့ ချင်းပြည်ပူးပေါင်းကာကွယ်ရေးကော်မတီ (CJDC) အဖြစ် စုစည်းခဲ့ကြပေမယ့် အစုအဖွဲ့တချို့က စစ်ရေးထက် နိုင်ငံရေးကို ပိုပြီးအားစိုက်လာတာကြောင့် ဝိဝါဒကွဲပြားမှုတွေဖြစ်ပြီး စုစည်းမှုတွေ ပျက်ပြယ်ခဲ့တယ်လို့ ဆိုပါတယ်။
အခုဖွဲ့စည်းလိုက်တဲ့ အဖွဲ့တွေဟာ ချင်းညီနောင်တပ်ဖွဲ့တွေအဖြစ် ကျင်ဒွေးမြို့၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်နဲ့ ဖလမ်းမြို့နယ်တွေကို စစ်အုပ်စု ကင်းစင်နယ်မြေဖြစ်အောင် မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး တိုက်ထုတ်နိုင်ခဲ့တဲ့ အဖွဲ့အစည်းတွေလည်း ဖြစ်ပါတယ်။
အရင် ချင်းညီနောင် (Chin Brotherhood – CB) မှာ တီးတိန်မြို့နယ်အခြေစိုက် ZFU / PDF-Zoland၊ ဖလမ်းမြို့နယ်အခြေစိုက် CNO / CNDF၊ မရာနယ်မြေနဲ့ ပလက်ဝအခြေစိုက် MTC / MDF၊ မင်းတပ်မြို့နယ်အခြေစိုက် CDF – မင်းတပ်၊ မတူပီမြို့နယ်အခြေစိုက် CDF – မတူပီ (တပ်မဟာ – ၁) နဲ့ ကန်ပက်လက်မြို့နယ်အခြေစိုက် CDF – ကန်ပက်လက် တို့ပါဝင်ပါတယ်။
အခုအခါ CDF-မင်းတပ်၊ CDF-မတူပီ၊ CDF-ကန်ပက်လက် နဲ့ CDF-ဒိုင်ရ် အဖွဲ့တွေ ပူးပေါင်းခဲ့တာကြောင့် အရင်က ချင်းညီနောင်အဖွဲ့မှာ အဖွဲ့ဝင် ၆ ခု ရှိရာကနေ အဖွဲ့ဝင် ၄ ခု အဖြစ် ပြောင်းလဲသွားမှာဖြစ်ပါတယ်။
အခုလို အဖွဲ့အစည်း ၄ ခုကနေ တစ်ခုတည်းအဖြစ် စုစည်းလိုက်တာဟာ ချင်းပြည်နယ်တောင်ပိုင်းက တော်လှန်ရေးအင်အားစုတွေအကြား စစ်ရေးအရ ပိုမိုခိုင်မာလာမယ့် အခြေအနေဖြစ်တယ်လို့ ချင်းအရေးလေ့လာသူတချို့က သုံးသပ်ထားကြပါတယ်။
ဓာတ်ပုံ – ချင်းညီနောင်
