အထူးတိုက်ခိုက်ရေးစစ်သင်တန်းသားနဲ့ အမျိုးသမီးစစ်သင်တန်းသူ ၁၂၀၀ ကျော် TNLA သင်တန်းဆင်း
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က အထူးတိုက်ခိုက်ရေး စစ်သင်တန်းနဲ့ အမျိုးသမီးများ အခြေခံစစ်သင်တန်းကို ထိန်းချုပ်နယ်မြေ တစ်နေရာမှာ သင်တန်းသား/သူ ၁၂၀၀ နဲ့ ဒီတစ်ပတ်ထဲ သင်တန်းဆင်းပေးခဲ့တယ်လို့ PSLF/TNLA သတင်းပြန်ကြားရေးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
TNLA က သိမ်းပိုက်ရရှိထားတဲ့ မြို့ ၁၂ မြို့ ကို ကာကွယ်စောင့်ရှောက်သွားဖို့အတွက် နိုဝင်ဘာ ၉ ရက်နေ့နဲ့ ၁၁ ရက်နေ့ နံနက်ပိုင်းတွေမှာ အထူးတိုက်ခိုက်ရေး စစ်သင်တန်းနဲ့ အမျိုးသမီးအခြေခံ စစ်သင်တန်းတွေကို စစ်သင်တန်းဆင်းပွဲပြုလုပ်ပေးခဲ့တာလို့ ဆိုပါတယ်။
သင်တန်းကာလ သုံးလကျော် သင်ကြားပေးခဲ့တဲ့ အထူးတိုက်ခိုက်ရေး စစ်သင်တန်းကို စစ်ဆင်ရေးနဲ့ ရှေ့တန်းမှာ တိုက်ခိုက်ရေး ကျွမ်းကျင်မှုအဆင့်ရှိဖို့ အဓိက သင်ကြားပေးခဲ့တာဖြစ်ပြီး အမှတ်စဉ် နှစ်ခု ဖွင့်လှစ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် သင်တန်းသူ ၂၀၀ ဝန်းကျင်ရှိတဲ့ အမျိုးသမီးစစ်သင်တန်း အမှတ်စဉ် -၆၆ (ဂ) သင်တန်းဆင်းလာတဲ့ အမျိုးသမီးစစ်မေများကိုလည်း အုပ်ချုပ်ရေးဌာန၊ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာန၊ သတင်းနဲ့ ပြန်ကြားရေးဌာန၊ ဗဟိုရုံးချုပ်နဲ့ စစ်ဦးစီးချုပ်ရုံးတို့မှာ အသီးသီးတာဝန်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမျိုးသား အထူးတိုက်ခိုက်ရေးနဲ့ အမျိုးသမီး အခြေခံစစ်သင်တန်းကာလအတွင်း သေနတ်ပစ်ထူးချွန်သူ၊ သေနတ် တပ်ဆင်ဖြုတ် ထူးချွန်သူတွေကို ဆုချီးမြှင့်ခဲ့တဲ့အပြင် စစ်ဆင်ရေး နဲ့ စစ်ရေးပြကာလအတွင်း အထူးတိုက်ခိုက်ရေး ထူးချွန်တဲ့ သင်တန်းသား/သူတွေကိုလည်း ဆုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလက တအာင်းအမျိုးသားလွှတ်မြောက်ရေး တပ်မတော် (TNLA) အနေနဲ့ အခြေခံ စစ်သင်တန်းအပတ်စဥ် (၆၅) မှာလည်း သင်တန်းသူ/သား ဦးရေ ၁၀၀၀ ကျော် မွေးထုတ်ပေးနိုင်ခဲ့တယ် လို့ ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – TNLA
ပုံစာ – သင်တန်းဆင်း TNLA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်