ရန်ကုန်မှာ လျှပ်စစ်မီးပေးချိန်ပြောင်းပြီးနောက် မီးသွေးနဲ့ အိမ်သုံးဂက်စ်ဈေးတွေ ပိုမိုမြင့်တက်လာ
ရန်ကုန်တိုင်းမှာ လျှပ်စစ်မီးပေးချိန်ပြောင်းလိုက်ပြီးနောက် ချက်ပြုတ်ရေးမှာအဓိကအသုံးပြုတဲ့ မီးသွေးနဲ့ အိမ်သုံးဂက်စ်ဈေးနှုန်းတွေ ဇန်နဝါရီလ ပထမပတ်အတွင်း ပိုမိုမြင့်တက်လာတယ်လို့ ရောင်းချသူတွေနဲ့ ဝယ်ယူသုံးစွဲသူ မြို့ခံတွေဆီက သိရပါတယ်။
ရန်ကုန်မှာ အဓိကဝယ်ယူအသုံးပြုတဲ့ ပုသိမ်မီးသွေး ဆယ်ပိဿာတစ်အိတ်ကို ကျပ် တစ်သောင်းကျော်ကနေ အခုအခါ ကျပ်နှစ်သောင်းအထိ နှစ်ဆခန့်မြင့်တက်သွားတယ်လို့ စုံစမ်းသိရှိရပါတယ်။
“အဓိကဈေးဘာလို့တက်လဲဆို လမ်းခရီးကြောင့်ပေါ့။ ပုံမှန်ပဲလာလို့ရတယ်ဆို အဆင်ပြေတယ်လေ။ အခုက လမ်းမှာအစစ်အဆေးတွေကိုလည်း ပေးရကမ်းရနဲ့။ စရိတ်စကတွေ ပိုများကုန်တာ။ ကျွန်တော်တို့ကတော့ ဈေးနှုန်းကအမြတ်အများကြီးယူမထားဘူး” လို့ လှိုင်သာယာမြို့နယ်က မီးသွေးဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးက ပြောပါတယ်။
လက်ရှိ ရန်ကုန်မြို့မှာ ချက်ပြုတ်စားသောက်ချိန်တွေအပါအဝင် အချိန်အတော်များများ လျှပ်စစ်မီးကြာမြင့်စွာပြတ်တောက်နေသလို လာချိန်မှာလည်း မီးအားမပြည့်တာ၊ ထမင်းတစ်လုံးကျက်ချိန်အထိ တောက်လျှောက်မလာတာမျိုးတွေ ကြုံတွေ့နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒါကြောင့် မြို့ခံတွေအနေနဲ့ ချက်ပြုတ်ရေးအတွက် မီးသွေးနဲ့ ဂက်စ်တို့ကို အဓိကအားထားနေရပါတယ်။
မီးသွေးလက်လီဈေးတွေကတော့ တစ်ပိဿာကို ကျပ် ၁၅၀၀ ကနေ အခုအခါမှာ ကျပ် ၂၀၀၀ ကနေ ၂၆၀၀ အထိ ရောင်းချနေကြတယ်လို့ ဝယ်ယူသုံးစွဲသူတွေက ပြောပါတယ်။
“မီးပြတ်တာဆိုးကတည်းက မီးသွေးဈေးက တရိပ်ရိပ်တောက်လျှောက်တက်တာ။ စက်ရုံသမားလေးတွေက ဂက်စ်မီးဖိုလည်းမရှိကြတော့ အလုပ်သွား၊ အလုပ်ပြန်ချက်ဖို့ကလည်း မီးသွေးနဲ့ပဲချက်နေကြရတော့ အဝယ်ကများနေတာပေါ့။ အဲဒါကြောင့် ဈေးက အမျိုးမျိုးတက်နေတာ” လို့ ရွှေပြည်သာမြို့ခံ အိမ်ရှင်မတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် အိမ်သုံး LPG Gas ဈေးတွေလည်း အခုလက်ရှိ လျှပ်စစ်မီးဆိုးရွာပြတ်တောက်နေတဲ့ကာလအတွင်း အနည်းငယ်မြင့်တက်လာတယ်လို့လည်း ဂက်စ်ဝယ်ယူသုံးစွဲသူတွေဆီက သိရပါတယ်။
ရန်ကုန်မြို့တွင်း တိုက်ခန်းတွေမှာ နေထိုင်သူတွေဟာ ချက်ပြုတ်ဖို့ မီးသွေးထက် ဂက်စ်ကို အဓိကအားကိုးနေရပြီး ဂက်စ်တစ်ဘူးကို ကျပ်နှစ်ထောင်ကျော်အထိ ပေးဝယ်နေရတယ်လို့ ကျောက်တံတားမြို့နယ် ၃၆ လမ်းနေ အိမ်ရှင်မတစ်ဦးက ပြောပါတယ်။
“အဝယ်များတော့ ဈေးကတက်လာရောလေ။ အန်တီတို့ကျ မီးသွေးနဲ့ချက်ဖို့အဆင်မပြေဘူး။ ဂက်စ်ပဲအားကိုးရတာ။ မီးတွေအချိန်မှန်နေတုန်းကတော့ တစ်ဘူးကိုမှ ၁၅၀၀ ကအများဆုံးပဲ။ အခု ၁၈၀၀၊ ၂၀၀၀၊ တချို့ဆိုင်တွေဆို ၂၀၀၀ ကျော်တယ်၊ ဝယ်ရတာလေ” လို့ သူမက ပြောပါတယ်။
ရန်ကုန်တိုင်းအတွင်း ဒီနှစ် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်ကစလို့ လျှပ်စစ်မီးကို အုပ်စု ၃ ခုခွဲကာ လေးနာရီပေး ရှစ်နာရီဖြတ်စနစ်နဲ့ မီးပေးမယ်လို့ စစ်ကောင်စီလက်အောက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ကြေညာထားပါတယ်။
တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဓာတ်အားထုတ်လုပ်နိုင်မှု များစွာလျော့ကျနေတဲ့အတွက် ရှေ့လာမယ့် လတွေမှာလည်း မီးပြတ်ချိန်ပိုများလာမယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်