ပဲခူးတိုင်း ပဲနွယ်ကုန်းမြို့မှာ တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုဗိုလ်မှူးတစ်ဦးအပါအဝင် ၂၀ ခန့်သေဆုံး

Author CJ Platform
Categories
Published on Jan 12, 2026

ပဲခူးတိုင်း၊ ပဲနွယ်ကုန်းမြို့ ကြိမ်ခါးကုန်းရွာအနီးမှာ စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီနေ့ ဇန်နဝါရီ ၁၂ ရက် မနက်အစောပိုင်းမှာ စစ်အုပ်စုဘက်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ပဲနွယ်ကုန်းဒေသခံတစ်ဦးထံက သိရပါတယ်။

 

ရန်ကုန်-မန္တလေးလမ်းဟောင်းအနီး ကြိမ်ခါးကုန်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ ဒီနေ့ မနက်အစောပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ဗိုလ်မှူးအဆင့်ရှိသူတစ်ဦးအပါအဝင် ၂၀ ခန့် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံ ပဲခူးတိုင်းစစ်ဌာနကလည်း ထုတ်ပြန်ထားပါသေးတယ်။

 

“ဒီနေ့ မနက်အစောပိုင်းမှာ ကြိမ်ခါးကုန်းဘက်ကို လေယာဉ်နဲ့ ဗုံးလာကြဲသွားသေးတယ်။ ပဲနွယ်ကုန်းမြို့အနီးတစ်ဝိုက်မှာလည်း ပစ်ခတ်နေတာတွေရှိတယ်။ နေ့လယ် ၂ နာရီဝန်းကျင်ကလည်း ကျောက်တံခါးဂိတ်ကို PDF တွေ ဝင်တိုက်သေးတယ်လို့ ကြားတယ်။ ဒီရက်ပိုင်း တိုက်ပွဲက တောက်လျှောက်ဖြစ်နေတာ” လို့ ပဲနွယ်ကုန်းဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ကြိမ်ခါးကုန်းရွာတိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဘက်က ရဲဘော် ၂ ဦး ကျဆုံးခဲ့သလို ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့ကာ လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

 

စစ်အုပ်စုရွေးကောက်ပွဲ အပိုင်း ၂ နဲ့ ၃ မှာပါဝင်တဲ့ ကျောက်တံခါး၊ မင်းလှ၊ ထန်းတပင်နဲ့ ကြို့ပင်ကောက်မြို့နယ်တို့မှာ အခု ဇန်နဝါရီ ဒုတိယပတ်အတွင်း တိုက်ပွဲဖြစ်ပွားမှုတွေရှိနေပြီး ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာရှိတဲ့ စစ်အုပ်စုတပ်စခန်း ၁၄ ခုကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပါတယ်။

 

အခုစစ်ဆင်ရေးကို NUG MOD အမှတ် ၂ စစ်ဆင်ရေးနယ်မြေ ပဲခူးတိုင်းစစ်ဌာန ဗျူဟာ ၂၅ လက်အောက်ခံ အမှတ် (၃၇၀၂) တပ်ရင်း၊ အထူးကွန်မန်ဒိုတပ်ရင်း (P-29914)၊ ဗျူဟာ (၂၆) ကွပ်ကဲမှုအောက်ရှိ အမှတ် (၃၇၀၃) တပ်ရင်း (Fire Dragon) နဲ့ တော်ဝင်ဒေါင်းတပ်ရင်း (P-29913) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – ပဲခူးတိုင်းစစ်ဌာန