ဂျန်ဘာကားတွေနဲ့ မဲရုံသွားစစ်တဲ့ ကံမမြို့နယ်အုပ်ချုပ်ရေးမှူး တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ သေဆုံး


စစ်အုပ်စုက လုပ်ဆောင်နေတဲ့ ရွေးကောက်ပွဲအပိုင်း (၂) အတွက် မဲရုံတွေကို လိုက်လံစစ်ဆေးပြီး ပြန်လာတဲ့ မကွေးတိုင်း၊ ကံမမြို့နယ် အုပ်ချုပ်ရေးမှူးရဲ့ ယာဉ်တန်းကို ကံမမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က မနေ့က ဇန်နဝါရီလ ၁၁ ရက်၊ နေ့လယ် ၁၂ နာရီခန့်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင် ၂ ဦး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

 

ကံမမြို့နယ် သက္ကယ်မြောင်ကျေးရွာက မဲရုံကို သွားရောက်စစ်ဆေးခဲ့တဲ့ အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်ဟာ မဲရုံကို စစ်ဆေးပြီး ပြည်-ကံမ လမ်းအတိုင်း ယာဉ်တန်းနဲ့ ပြန်လာချိန်မှာ ပြောက်ကျရွာနဲ့ ပယ်ကျရွာကြားက တောင်ကြောတစ်ခုမှာ တိုက်ခိုက်ခံရတာဖြစ်ပါတယ်။

 

“သူတို့က ကား ၃ စီးလောက်နဲ့ လာတာ။ ရှေ့ကကားတွေမှာက ဂျန်ဘာတွေရော၊ လုံခြုံရေးတွေရော ပါတာဗျ။ အုပ်ချုပ်ရေးမှူးကားက ယာဉ်တန်းရဲ့ နောက်ဆုံးကနေ နည်းနည်းလှမ်းပြီး လိုက်လာတာ။ ရှေ့ကကားတွေမှာ ဂျန်ဘာပါပေမယ့် သူတို့ကားမှာက ဘာမှမပါဘူး။ အဲဒီမှာတင် ဗုံးအရင်ကွဲပြီး တော်လှန်ရေးအဖွဲ့တွေက ဝင်ပစ်တာပဲ” လို့ ဖြစ်စဉ်ကို သိရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ပြည်-ကံမ လမ်းပိုင်းအတွင်း စစ်အုပ်စုတပ်တွေနဲ့ လက်အောက်ခံ ပျူစောထီး၊ ပြည်သူ့စစ်တွေက စစ်ဆေးမှုတွေ တင်းတင်းကြပ်ကြပ်လုပ်ဆောင်နေပေမယ့် တောင်ကြောတစ်ခုမှာ အသင့်စောင့်နေတဲ့ တော်လှန်ရေးရဲဘော်တွေက အုပ်ချုပ်ရေးမှူး လိုက်ပါလာတဲ့ Double Cab အဖြူရောင်ကားကို ဗုံးခွဲတိုက်ခိုက်ပြီးနောက် အနီးကပ် ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

 

တိုက်ခိုက်မှုအတွင်း ကျည်ထိမှန်ခဲ့တဲ့ အုပ်ချုပ်ရေးမှူးနဲ့ ဒရိုင်ဘာအပါအဝင် ၄ ဦးကို ရွှေတောင်မြို့ တပ်ဆေးရုံနဲ့ ပြည်မြို့ ခုတင် ၁၀၀ ဆေးရုံတွေကို အရေးပေါ် ပို့ဆောင်ခဲ့ပေမယ့် မွန်းလွဲ ၁ နာရီခွဲခန့်မှာ ဦးဇော်မင်းနိုင်နဲ့ ဒရိုင်ဘာဖြစ်သူ ဦးသန့်ဇင်အောင်တို့ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် အုပ်ချုပ်ရေးမှူးကားနဲ့ လိုက်ပါလာတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင် ၂ ဦးလည်း ဒဏ်ရာပြင်းထန်တာကြောင့် ဆေးကုသမှု ခံယူနေရဆဲ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

ကံမမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း ယင်းတိုက်ခိုက်မှုကို သူတို့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ကံမပကဖ ရဲဘော်တွေကတော့ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဒီနေ့ ဇန်နဝါရီ ၁၂ ရက် မှာ ထုတ်ပြန်ထားပါတယ်။

 

“သူတို့ထွက်လာမှာကို သတင်းကြိုရပြီး တော်လှန်ရေးတပ်တွေက သွားရောက် စောင့်ဆိုင်း တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေက ပြည်-ကံမ လမ်းပိုင်းကို စစ်ဆေးမှုတွေ တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေတယ်” လို့ တော်လှန်ရေးရဲဘော်တစ်ဦးကလည်း ပြောပါတယ်။

 

အခု တိုက်ခိုက်ခံရတဲ့နေရာဟာ စစ်အုပ်စုဂိတ်တွေ အများအပြားရှိသလို စစ်အုပ်စုဘက်က လုံခြုံတယ်လို့ ယူဆပြီး ရွေးကောက်ပွဲ ကျင်းပနေတဲ့ နယ်မြေလည်း ဖြစ်သလို သေဆုံးသွားတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်ဟာလည်း ကံမမြို့ကို ပြောင်းရွှေ့လာတာ မကြာသေးဘူးလို့ ဒေသခံတွေထံက သိရပါတယ်။

 

ဓာတ်ပုံ – Pro SAC

ပုံစာ – အုပ်ချုပ်ရေးမှူးအဖွဲ့ မဲရုံစစ်ဆေးမှုကို ဇန်နဝါရီ ၁၀ ရက်နေ့က တွေ့ရစဉ်