ရွေးကောက်ပွဲ အပိုင်း(၂) ကျင်းပနေချိန် စစ်အုပ်စုက ဒီပဲယင်းက စာသင်ကျောင်းကို ဗုံးကြဲ

Author CJ Platform
Categories
Published on Jan 12, 2026

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က စာသင်ကျောင်းတစ်ခုကို စစ်အုပ်စုရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့မှာ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

 

မနေ့က ဇန်နဝါရီ ၁၁ ရက် ညနေ ၄ နာရီ ၃၅ မိနစ်ခန့်မှာ ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးကျေးရွာ စာသင်ကျောင်းကို စစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

 

“အလွတ်ကြဲသွားတာပါ၊ စစ်ရှောင်တွေရှိပါတယ်ဗျ။ ထိခိုက်တာတော့မရှိပါဘူး။ ကျောင်းဆောင်ကြီးနဲ့ ကားငါးစီး၊ ဆိုင်ကယ်တွေ၊ ပစ္စည်းတွေအများအပြားပျက်စီးပါတယ်” လို့ ဒီပဲယင်းမြို့နယ် ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

အဲဒီစစ်ရှောင်တွေဟာ မန္တလေးတိုင်းဘက်က စစ်ရေးအခြေအနေတွေကြောင့် ဒီပဲယင်းမြို့နယ်အတွင်း တိမ်းရှောင်လာသူတွေဖြစ်တယ်လို့ သိရပြီး စစ်အုပ်စုဟာ စစ်ရှောင်တွေရှိတဲ့နေရာတွေကို အခုလိုရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။

 

“တိုက်ပွဲမရှိဘဲ ပြည်သူအများပြားရှိတဲ့ နေရာတွေကို လိုက်ချနေတာဗျ၊ စစ်ရှောင်တွေနေတဲ့ နေရာတွေ အချများနေတာ” လို့ ဒီပဲယင်းမြို့နယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

 

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲတွေကျင်းပနိုင်ခြင်းမရှိတဲ့ ဒီပဲယင်းမြို့နယ်က မူးကမ်းကြီးကျေးရွာ စာသင်ကျောင်းကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်နေ့ ညပိုင်းမှာလည်း အခုလို လေကြောင်းကနေ အကြောင်းမဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင် ၇ ဦးထိခိုက်ခဲ့ပါသေးတယ်။ အဲဒီတိုက်ခိုက်မှုပြီးနောက် ၁၀ ရက်ခန့်အကြာ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပခဲ့တဲ့နေ့မှာ အခုလို ထပ်မံတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

 

ဒါကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေကလည်း ဒီပဲယင်းမြို့နယ်အတွင်းရှိ ဒေသခံတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို အထူးသတိပြုကြဖို့ကိုလည်း အသိပေးနှိုးဆော်ထားပါတယ်။

 

ဒီပဲယင်းမြို့နယ်မှာ အလားတူလေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးမှုတွေရှိခဲ့ပြီး ၂၀၂၅ ခုနှစ် မေ ၁၂ ရက်နေ့ကလည်း ဒီပဲယင်းမြို့နယ် အိုးထိန်းကွင်းကျေးရွာစာသင်ကျောင်းကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် ဆရာမ ၂ ဦးအပါအဝင် ကျောင်းသားကျောင်းသူ ၂၀ ဦးကျော် သေဆုံးခဲ့ရပါတယ်။