သီပေါနဲ့ မိုင်းရယ်အစပ်က မူးယစ်ဆေးဝါးထုတ်လုပ်တဲ့နေရာတွေမှာ SSA အဖွဲ့ပါဝင်နေတယ်လို့ စစ်အုပ်စု ထုတ်ပြန်
ရှမ်းပြည်မြောက်ပိုင်း သီပေါနဲ့ မိုင်းရယ်မြို့နယ်အစပ် ကျေးရွာတွေအနီးက မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့စခန်းတွေမှာ ရှမ်းပြည်တပ်မတော် (SSA) တပ်ဖွဲ့တွေ ပါဝင်နေတယ်လို့ စစ်အုပ်စုက ဒီနေ့ ဇန်နဝါရီ ၁၂ ရက်မှာ ထုတ်ပြန်လာပါတယ်။
သီပေါနဲ့ မိုင်းရယ်မြို့အကြားက မူးယစ်ဆေးဝါးထုတ်လုပ်တဲ့နေရာတွေနဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းတွေကို စစ်အုပ်စုက ဝင်ရောက်စီးနင်းချိန် ကွန်ပျူတာ၊ ဖုန်း၊ စတားလင့်ခ်၊ မူးယစ်ဆေးဝါး ဆက်စပ်ပစ္စည်းတွေနဲ့အတူ SSA ယူနီဖောင်းဝတ်ဆင်ထားသူတွေအပါအဝင် ၆ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်အုပ်စုရဲ့ထုတ်ပြန်ချက်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ကို ခွဲခြားပြောဆိုထားတာမျိုးမရှိဘဲ SSA တပ်ဖွဲ့လို့သာ ရည်ညွှန်းထားပါတယ်။ ဒါပေမယ့် စစ်အုပ်စုထုတ်ပြန်ထားတဲ့ သိမ်းဆည်းရမိ မှတ်တမ်းဓာတ်ပုံတွေအရ SSPP/SSA တပ်ဖွဲ့ရဲ့ စစ်ယူနီဖောင်းတွေဖြစ်နေတာကိုလည်း တွေ့ရပါတယ်။
အခု ဇန်နဝါရီ ၈ ရက်က SSPP/SSA ထိန်းချုပ်ထားတဲ့ သီပေါမြို့နယ် နားလင်းရွာအနီးကို စစ်အုပ်စုက စစ်ကြောင်းထိုးဝင်ရောက်ချိန် လက်နက်ကိုင်အဖွဲ့တစ်ခုနဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကျားဖြန့်လုပ်ကိုင်တဲ့နေရာနဲ့ မူးယစ်ဆေးဝါးချက်လုပ်တဲ့နေရာတွေကို ဇန်နဝါရီ ၉ ရက်မှာ စီးနင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ကျားဖြန့်နဲ့ မူးယစ်ဆေးဝါးစခန်းနေရာကို စီးနင်းဝင်ရောက်ချိန် SSA တံဆိပ်ပါ အစိမ်းရောင်ယူနီဖောင်းတစ်စုံ၊ အပွင့်နှစ်ပွင့်ပါ ပခုံးတံဆိပ်နဲ့ SSA တံဆိပ်ပါ ဦးထုပ်တစ်လုံး၊ လက်ပ်တော့ကွန်ပျူတာ ၂၉ လုံး၊ Desktop ကွန်ပျူတာ ၄၁ လုံး၊ ဖုန်းမျိုးစုံ ၁၁ လုံး၊ စတားလင့်ခ် ၁၁ လုံးနဲ့ မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေကိုပါ သိမ်းဆည်းရရှိခဲ့တယ်လို့ စစ်အုပ်စုက ဖော်ပြထားပါတယ်။
ဒါ့အပြင် ဇန်နဝါရီ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တို့မှာလည်း မိုင်းရယ်မြို့နယ် မန်ဖြတ်ကျေးရွာအနီးက မူးယစ်ဆေးဝါးချက်လုပ်တဲ့နေရာ ၁၀ နေရာကို ထပ်မံစီးနင်းနိုင်ခဲ့ပြီး မူးယစ်ဆေးဝါးထုတ်လုပ်ရာမှာ အသုံးပြုတဲ့ဆက်စပ်ပစ္စည်းတွေနဲ့အတူ SSA အဖွဲ့က ပါဝင်ပတ်သက်နေသူတွေအပါအဝင် ၆ ဦးကို ဖမ်းဆီးရခဲ့တယ်လို့ စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သူတို့နဲ့မပတ်သက်ကြောင်း SSPP က ဇန်နဝါရီ ၁၀ ရက်မှာ အသိပေးထုတ်ပြန်ခဲ့ပြီး SSPP/SSA က ထိန်းချုပ်ထားတဲ့ သီပေါမြို့နယ် နမ့်ကုံ၊ ဟိုင်းဆိုင်နဲ့ နားပျန်ရွာတွေအနီးကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုတွေ အကြိမ်ကြိမ်လုပ်ဆောင်ခဲ့တဲ့အပေါ် ဒေသတည်ငြိမ်ရေးနဲ့ လက်ရှိငြိမ်းချမ်းရေးကို မထိခိုက်ဖို့ လိုတယ်လို့ ဆိုပါတယ်။
ကျားဖြန့်လုပ်ငန်းတွေနဲ့ပတ်သက်မှုမရှိဘူးလို့ စစ်အုပ်စုနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့ SSPP/SSA က ထုတ်ပြန်ထားပေမယ့် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၇ ရက်မှာ သီပေါမြို့နယ် ပန်စင်ရွာအနီးက ကျားဖြန့်ရုံတွေကို စစ်အုပ်စုက ဝင်ရောက်စီးနင်းချိန် SSPP/SSA တပ်ဖွဲ့ဝင် ၃ ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်အုပ်စုဝါဒဖြန့် သတင်းစာတွေမှာ ထုတ်ပြန်ခဲ့ပါသေးတယ်။
ဓာတ်ပုံ – Pro_SAC
