အစ္စရေး ပြင်းပြင်းထန်ထန် လက်တုံ့ပြန်လာမှာကို အီရန် စိုးရိမ်ပူပန်နေ၊ လက်တုံ့ပြန်မှုကို ကန့်သတ်ဖို့ ဒေသတွင်းနိုင်ငံတွေဆီ အကူအညီတောင်းခံ

Author အဂ္ဂ
Categories
Published on Oct 12, 2024

အီရန်အစိုးရဟာ အောက်တိုဘာ ၁ ရက်နေ့မှာ အစ္စရေးဘက်ကို ဒုံးကျည်ရာနဲ့ချီ တိုက်ခိုက်ခဲ့မှုအတွက်  အစ္စရေးဘက်က ပြင်းထန်တဲ့တုံ့ပြန်မှုတွေ လုပ်ဆောင်မှာလာကို စိုးရိမ်နေတာကြောင့် အရှေ့အလယ်ပိုင်းနိုင်ငံတွေနဲ့ အရေးပေါ်သံတမန်ဆက်ဆံရေး လုပ်ဆောင်နေကာ တုံ့ပြန်မှုကို လျှော့ချဖို့နဲ့ မလျှော့ချနိုင်ရင်တောင် သူတို့ကို ကာကွယ်ပေးဖို့ အကူအညီတောင်းခံနေတယ်လို့ သတင်းရင်းမြစ်တွေကိုရဲ့ ပြောဆိုချက်ကို ကိုးကားပြီး CNN သတင်းဌာနက ဖော်ပြပါတယ်။

 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အစ္စရေးဘက်က အီရန်နိုင်ငံရဲ့ ရေနံတွင်းတွေနဲ့ နျူးကလီးယားစက်ရုံတွေကို မတိုက်ခိုက်ဖို့အတွက် စည်းရုံးနိုင်ဖို့ အာမ မခံနိုင်ဘူးလို့ ဆိုလိုက်ပြီးတဲ့နောက်မှာ အီရန်ရဲ့ စိုးရိမ်မှုဟာ ပိုမြင့်တက်လာတာဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ပြောတယ်လို့ ဆိုပါတယ်။

 

ဒေသအတွင်းမှာ အီရန်ကျောထောက်နောက်ခံပေးထားတဲ့ ဟစ်ဇ်ဘိုလာတပ်ဖွဲ့တွေကို အစ္စရေးဘက်က တောက်လျှောက်ဆိုသလို ရှင်းလင်းချေမှုန်းမှုတွေ လုပ်ဆောင်နေတာကလည်း အီရန်အတွက် အားကိုးရတဲ့ လက်နက်ကိုင်တပ်မရှိသလို ဖြစ်လာတာကလည်း စိုးရိမ်ပူပန်နေရတဲ့ အကြောင်းရင်းတစ်ချက် ဖြစ်တယ်လို့လည်း ဆက်လက် ဖော်ပြထားပါတယ်။

 

အမေရိကန်အစိုးရကတော့ အီရန်နဲ့ အစ္စရေးအကြား အပြန်အလှန်တိုက်ခိုက်မှုတွေဟာ အရှေ့အလယ်ပိုင်း ဒေသတွင်း စစ်ပွဲကြီးဖြစ်ပြီး အမေရိကန်ကိုပါ ဆွဲသွင်းမှာကို စိုးရိမ်နေပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့နှစ်ကစပြီး အမေရိကန်ရဲ့ အစ္စရေးအပေါ် လွှမ်းမိုးနိုင်မှုဟာ တဖြည်းဖြည်း လျော့ကျလာနေပါတယ်။ အထူးသဖြင့် ဂါဇာနဲ့ လက်ဘနွန်မှာ အစ္စရေးရဲ့ စစ်ဆင်ရေးတွေကို အမေရိကန်က ထိန်းချုပ်နိုင်စွမ်း မရှိသလိုဖြစ်နေတာပါ။

 

အမေရိကန်သမ္မတ ဘိုင်ဒင်က အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟုနဲ့ အောက်တိုဘာ ၉ ရက်နေ့မှာ တယ်လီဖုန်းပြောဆိုခဲ့ပြီး လက်တုံ့ပြန်မှုတွေကို အီရန်လုပ်ဆောင်မှုနဲ့ ညီမျှအောင်ပဲ လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒါဟာ နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ နှစ်လကျော်အတွင်း ပထမဆုံးအကြိမ် ပြောဆိုဆက်သွယ်မှု ဖြစ်ပါတယ်။

 

အစ္စရေးဘက်ကတော့ ဟစ်ဇ်ဘိုလာခေါင်းဆောင် ဟာဆန် နာစရာလာကို လုပ်ကြံသတ်ဖြတ်ခဲ့တာနဲ့ ဟစ်ဇ်ဘိုလာတပ်ဖွဲ့ဝင်တွေသုံးတဲ့ ဆက်သွယ်ရေးကိရိယာ (‌pager) တွေကို ဖျက်ဆီးခဲ့တာတွေကို အမေရိကန်ကို အကြောင်းမကြားဘဲ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

 

အစ္စရေးဟာ နှစ်ပေါင်းများစွာကတည်းက အီရန်နျူကလီးယားစခန်းတွေကို တိုက်ခိုက်ဖို့ စီစဉ်နေခဲ့ပြီး လွန်ခဲ့တဲ့ ၂ နှစ်က စစ်ရေးလေ့ကျင့်ခန်းတွေမှာတောင် ဒီလိုတိုက်ခိုက်မှုတွေကို ဖန်တီးလေ့ကျင့်ခဲ့ပါတယ်။ အစ္စရေးဟာ အီရန်နျူကလီးယားသိပ္ပံပညာရှင်တွေကို လုပ်ကြံသတ်ဖြတ်ခဲ့တာ၊  အီရန်နျူကလီးယားစခန်းတွေကိုလည်း ဆိုက်ဘာတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ယူဆရပါတယ်။

 

အစ္စရေးရဲ့ ကာကွယ်ရေးဝန်ကြီး ယိုအက် ဂလ်လန့်ကတော့ အီရန်ကို ပြင်းထန်တဲ့ သတိပေးစကား ပြောကြားခဲ့ပါတယ်။

 

“ကျွန်တော်တို့ရဲ့ တိုက်ခိုက်မှုဟာ ပြင်းထန်မယ်၊ တိကျမယ်၊ အထူးသဖြင့် အံ့အားသင့်စရာကောင်းမယ်။ သူတို့ ဘာဖြစ်သွားတယ်၊ ဘယ်လိုဖြစ်သွားတယ်ဆိုတာ နားလည်လိုက်မှာတောင် မဟုတ်ပါဘူး”လို့ သူက ခြိမ်းခြောက်ပြောဆိုခဲ့တာပါ။

 

ဆော်ဒီအာရေဗျ၊ ယူအေအီးနဲ့ ကာတာနိုင်ငံတို့ကတော့ အစ္စရေးကို သူတို့လေပိုင်နက်ကို အသုံးပြုခွင့် ပေးမှာမဟုတ်ကြောင်း အမေရိကန်နဲ့ အီရန်တို့ကို ပြောထားပါတယ်။ ဂျော်ဒန်နိုင်ငံကလည်း ဘယ်နိုင်ငံကပဲ ဖြစ်ဖြစ် ခွင့်မပြုဘဲ လေပိုင်နက်ကျူးကျော်လာရင် ကာကွယ်သွားမယ်လို့ ဆိုပါတယ်။

 

အစ္စရေးဘက်ကတော့ ဘယ်လိုဆက်လက်လုပ်ဆောင်မလဲဆိုတာနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်မချရသေးဘူးလို့ သိရပြီး အမေရိကန်အရာရှိတွေကတော့ အစ္စရေးအစိုးရက ဘာတွေဆွေးနွေးနေလဲဆိုတာ သူတို့အပေါ် ပွင့်လင်းမြင်သာမှု မရှိဘူးလို့ ယူဆနေကြပါတယ်။

အမေရိကန်ကတော့ အီရန်အနေနဲ့ အစ္စရေး စစ်ပွဲဖြစ်လိုတယ်လို့ မယူဆပေမယ့် အစ္စရေးတိုက်ခိုက်လာရင် တုံ့ပြန်မှုတွေကို ထိန်းချုပ်ထားဖို့ တောင်းဆိုထားပါတယ်။ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရာချီကလည်း နေတန်ညာဟုဟာ ဒေသတွင်းစစ်မီးမွေးချင်တဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်တယ်လို့ အယ်ဂျာဇီးရားသတင်းဌာနကို ပြောခဲ့ပါတယ်။

 

အီရန်ဟာ အထူးသဖြင့် ဆော်ဒီအာရေဗျနိုင်ငံနဲ့ ဆက်ဆံရေးကို အသုံးချပြီး အစ္စရေးရဲ့ တိုက်ခိုက်မှုကို တားဆီးဖို့နဲ့ အမေရိကန်ကို ဖိအားပေးနိုင်ဖို့ ကြိုးစားနေပါတယ်။ နှစ်နိုင်ငံအရာရှိတွေဟာ တစ်လအတွင်း သုံးကြိမ်တိုင် တွေ့ဆုံခဲ့ပြီး အာရာချီကိုယ်တိုင် ဗုဒ္ဓဟူးနေ့က ဆော်ဒီအာရေဗျကို သွားရောက်ခဲ့ပါတယ်။

 

လက်ရှိမှာတော့ အစ္စရေးရဲ့ လှုပ်ရှားမှုတွေကို ကမ္ဘာတဝန်းက စောင့်ကြည့်နေပါတယ်။ ဒါပေမဲ့ ဒီကနေ့ အောက်တိုဘာ ၁၂ ရက်နေ့ နေဝင်ချိန်အထိတော့ အစ္စရေးမှာ ဂျူးဘာသာဝင်တွေရဲ့ အသန့်ရှင်းဆုံးနေ့ဖြစ်တဲ့ ယွန်းကစ်ပူးနေ့ အထိမ်းအမှတ်အနေနဲ့ တိုင်းပြည်တဝန်း လုပ်ငန်းဆောင်တာအားလုံး ရပ်တန့်ထားပါတယ်။

 

ဒီကာလအတွင်း ဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ အခြားဝန်ဆောင်မှုလုပ်ငန်းတွေ ပိတ်ထားမှာဖြစ်သလို၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးတွေလည်း ရပ်နားထားမှာ ဖြစ်ပြီး တဲလ်အဗစ်မြို့က ဘန်ဂူရီယန်လေဆိပ်ကြီးလည်း ပိတ်ထားမှာ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – Fatemah Bahrami/Anadolu/Getty Images

 

ပုံစာ- အီရန်နိုင်ငံမြို့တော် တီဟီရန်မှာ အီရန်အလံနဲ့ ဟစ်ဇ်ဘိုလာတို့ရဲ့ နဖူးစည်းတွေစိုက်ထူထားတဲ့ လမ်းမပေါ်မှာ အီရန်ပြည်သူတွေ သွားလာလှုပ်ရှားနေတာကို အောက်တိုဘာ ၉ ရက်နေ့က တွေ့ရစဉ်။

 

ကိုးကား- CNN