ချင်းက မြို့သုံးခုအတွက်အရေးပါတဲ့ ဇလွေချောင်းကူးတံတားကို စစ်ကောင်စီ ဖောက်ခွဲဖျက်ဆီး

Author ဆလိုင်း
Categories
Published on Jun 11, 2024

တော်လှန်ရေးတပ်ဖွဲ့တွေအားကောင်းတဲ့ ချင်းပြည်(မြောက်ပိုင်း)မှာ တီးတိန်-တွန်းဇံမြို့ကြားက ဇလွေချောင်းကူးတံတားကို တွန်းဇံအခြေစိုက် စစ်ကောင်စီတပ်က မနေ့ ဇွန်လ ၁၁ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ ဖောက်ခွဲဖျက်ဆီးလိုက်တယ်လို့ အဲဒီဒေသခံတွေဆီကနေ သိရပါတယ်။

 

ဇလွေချောင်းကူးတံတားဟာ တီးတိန်-တွန်းဇံမြို့တို့ကို အဓိက ဆက်သွယ်ထားတာဖြစ်သလို ကျီခါးမြို့အတွက်လည်း အရေးပါတဲ့ တံတားဖြစ်ပြီး တွန်းဇံမြို့နဲ့ ၁၃ မိုင်ခန့်အကွာမှာ တည်ရှိနေတာပါ။

 

ဖောက်ခွဲမှုကြောင့် တံတားဟာ အသုံးပြုလို့ မရတော့ဘဲ တွန်းဇံနဲ့ တီးတိန်း ပြည်သူတွေရဲ့ ကုန်စည်စီးဆင်းရေးနဲ့ လမ်းပန်းဆက်သွယ်ရေးတို့အတွက် ထိခိုက်သွားစေတယ်လို့ တွန်းဇံဒေသခံ အမျိုးသားတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“ချောင်းကို ဆက်သွယ်ထားတဲ့ ကွန်ကရစ်တံတားအမျိုးအစားဖြစ်ပါတယ်။ မိုးတွင်းဆို အဲဒီချောင်းက ရေကြီး ရေလျံဖြစ်တတ်တာကြောင့် တီးတိန်နဲ့ တွန်းဇံ အဆက်အသွယ် လုံးဝပြတ်တောက်တော့မယ်။ ပြည်သူတွေ စားဝတ်နေရေးကအစ အတော်ခက်ခဲသွားမယ်” လို့ သူက ဆိုပါတယ်။

 

ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့ကလည်း တီးတိန်နဲ့ ရိခေါဒါရ်မြို့ကို ဆက်သွယ်ထားတဲ့ မံဆောင်းတံတားကို စစ်ကောင်စီတပ်ဖွဲ့က မိုင်းနဲ့ ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။

 

တွန်းဇံနဲ့ ကျီခါးမြို့တို့ကို ချင်းအမျိုးသားတပ်ဦး(CAN/CNF)ကဦးဆောင်ပြီး ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့တို့က ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့မှာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ရရှိထားပါတယ်။

 

ဒါ့အပြင် တွန်းဇံမြို့နဲ့ ကပ်လျက်ရှိတဲ့ တီးတိန်မြို့ကိုလည်း ချင်းညီနောင်အဖွဲ့က ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့ကစလို့ မြို့သိမ်းတိုက်ပွဲ စတင်ဖော်ဆောင်နေပြီး စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေဆဲလို့ သိရပါတယ်။

 

ဓာတ်ပုံ – CJ

 

ပုံစာ – မဖောက်ခွဲခံရမီ တွေ့မြင်ရတဲ့ ဇလွေချောင်းကူးတံတား(ပုံဟောင်း)