ထိုင်းက အိမ်မွေးတိရစ္ဆာန်ဈေး မီးလောင်မှုထဲ အကောင်ရေ ထောင်နဲ့ချီ သေဆုံး

Author အဂ္ဂ
Categories
Published on Jun 11, 2024

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ နာမည်ကျော် ချတူချက်(Chatuchak) အိမ်မွေးတိရစ္ဆာန်ဈေးဟာ ဒီနေ့ ဇွန်လ ၁၁ ရက် မနက်အစောပိုင်းမှာ မီးလောင်ကျွမ်းခဲ့လို့ တန်ဖိုးကြီး တိရစ္ဆာန်မျိုးစိတ်‌တွေအပါအဝင် အကောင်ရေထောင်ပေါင်းများစွာ မီးလောင်သေဆုံးခဲ့ရတယ်လို့‌ ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။

 

အဲဒီဈေးဟာ ဒီနေ့ မနက် ၄ နာရီ ၁၀ မိနစ်ဝန်းကျင်မှာ မီးစတင်လောင်ကျွမ်းခဲ့ပြီး မီးသတ်သမားတွေဟာ မိနစ် ၃၀ ကျော်ကြာ ငြှိမ်းသတ်ခဲ့ရတယ်လို့ ချတူချက် ခရိုင်ရုံးက သတင်းထုတ်ပြန်ပါတယ်။

 

မီးလောင်မှုကြောင့် တစ်ကောင်ကို ထိုင်းဘတ်ငွေ သောင်းဂဏန်းကနေ သိန်းနဲ့ချီတန်ဖိုးရှိတဲ့ တိရစ္ဆာန်မျိုးစိတ်တွေအပြင် အလှမွေးငါးတွေ၊ ကြောင်တွေ၊ ခွေးတွေ၊ ငှက်တွေနဲ့ မျောက်တွေအပါအဝင် တိရစ္ဆာန် ထောင်နဲ့ချီ မီးလောင်သေဆုံးခဲ့ရတယ်လို့ ဆိုင်ပိုင်ရှင်တွေက ဆိုပါတယ်။

 

မီးလောင်ကျွမ်းမှုဟာ ခွေးအရောင်းဆိုင်တစ်ခုရဲ့ ပိုင်ရှင်ဖြစ်သူက ခွေးတွေ သက်တောင့်သက်သာရှိစေဖို့ဆိုပြီး ပန်ကာတွေ ဖွင့်ထားခဲ့ပေးတဲ့အတွက် အဲဒီဆိုင်ကနေစပြီး လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ ဆိုင်ရှင်တစ်ဦးက ဆိုပါတယ်။ မီးလောင်ကျွမ်းမှုဟာ ဈေးရဲ့နေရာအတော်များများကို ပျံ့နှံ့ခဲ့ပြီးနောက် တိရိစ္ဆာန်တွေကို မီးလောင်သေဆုံးစေခဲ့ရတယ်လို့ ဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။

 

ချတူချက်ခရိုင်ရုံးကတော့ ဆုံးရှုံးခဲ့ရတဲ့ ဆိုင်ခန်းပိုင်ရှင်တွေကို ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်နိုင်ဖို့အတွက်  လတ်တလော မီးလောင်ပျက်စီးဆုံးရှုံးမှုအခြေအနေကို စာရင်းကောက်ယူနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

 

အဲဒီအိမ်မွေးတိရစ္ဆာန်ဈေးဟာ အကျယ် စတုရန်းမီတာ ၁,၄၀ဝ ရှိပြီး ဆိုင်ခန်‌ပေါင်း ၁၁၈ ခန်းရှိတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – Chatuchak District Office