ထိုင်းကနေ မြန်မာထဲသွားမယ့် အထောက်ထားမဲ့ တရုတ်သုံးယောက်မှာ ဆင်းကတ်တွေနဲ့မိတာကြောင့် ငွေလိမ်ဂိုဏ်းကလို့ ယူဆပြီး ထိုင်းရဲဖမ်းဆီး

Author အဂ္ဂ
Categories
Published on Jun 11, 2024

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကတစ်ဆင့် မြန်မာနိုင်ငံထဲ ခရီးဆက်မယ့် အထောက်ထားမဲ့ တရုတ်နိုင်ငံသား သုံးယောက်ကို ဆင်းကတ်တွေနဲ့ဖမ်းမိတာကြောင့် အွန်လိုင်းငွေလိမ်ဂိုဏ်းကလို့ ထိုင်းရဲ့တွေက ယူဆပြီး ဖမ်းဆီးလိုက်ပါတယ်။

 

တရုတ်နိုင်ငံသား သုံးဦးနဲ့ ထိုင်းနိုင်ငံသားတစ်ဦးတို့လိုက်ပါလာတဲ့မော်တော်ယာဉ်ကို မွမ်(Muang)ခရိုင် နမ်ရမ်(Nam Ruen)မြို့နယ်တွင်းက အမှတ်(၁၂)အဝေးပြေးလမ်းမကြီး(ဆူခိုထိုင်း-တက်ခ်)မှာ ဆင်းကတ်အသစ်(၂,ဝ၀ဝ)လောက်နဲ့အတူ မနေ့ ဇွန် ၁၀ ရက် မနက်ပိုင်းမှာ အဝေးပြေးလမ်းရဲတွေက ဖမ်းဆီးရမိတယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြကြပါတယ်။

 

အမြန်လမ်းရဲတပ်ဖွဲ့ရဲ့ ရဲမှူးချုပ် ကွန်ခရစ် လာ့တ်ဆစ်သီကွယ်(Kongkrit Lertsitthikul)က သံသယတရားခံအဖြစ် ဖမ်းဆီးရမိထားသူတွေဟာ အသက်(၅၃)နှစ်အရွယ် ထိုင်းနိုင်ငံသား နာရွန်ဆူနန်တ (Narong Sunanta)နဲ့ တရုတ်နိုင်ငံသားတွေဖြစ်ကြတဲ့ အသက်(၂၅)နှစ်အရွယ် ဟိုင်ရန်(Hai Yang)၊ အသက် (၃၁) နှစ်အရွယ်တွေဖြစ်ကြတဲ့ ကျန်းယုံလျန်(Zhen Yong Liang)နဲ့ လင်ကျန်း(Lin Zhen)တို့ဖြစ်တယ်လို့ ပြောပါတယ်။

 

ထိုင်းနိုင်ငံသားမောင်းလာတဲ့ ငွေရောင် Toyota Altis ကားကို အမြန်လမ်းရဲတပ်ဖွဲ့က စစ်ဆေးဖို့ တားဆီးခဲ့တာဖြစ်ပါတယ်။

 

ခရီးသွားဧည့်သည်တွေဖြစ်ကြတဲ့ တရုတ်နိုင်ငံသားတွေဟာ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ဘာမှ ပါလာခြင်းမရှိပေမဲ့ သူတို့မှာ ဆင်းကတ်အသစ်(၂,ဝ၀ဝ)ဝန်းကျင်နဲ့ တယ်လီဖုန်း ငါးလုံး တွေ့ရှိခဲ့တာကြောင့် ဖုန်းဆက်ပြီးလိမ်လေ့ရှိတဲ့ ငွေလိမ်ဂိုဏ်းမှာ ပါဝင်ပတ်သက်နိုင်တယ်ဆိုတဲ့ သံသယနဲ့ စုံစမ်းစစ်ဆေးဖို့ ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်တယ်လို့ ရဲမှူးချုပ် ကွန်ခရစ်က ဆိုပါတယ်။

 

မစ္စတာနာရွန်က သူဟာ တရုတ်နိုင်ငံသား သုံးဦးကို ဆူခိုထိုင်း ခရိုင်ထဲက ဟိုတယ်တစ်ခုကနေ ခေါ်ဆောင်လာပြီး တာ့ခ်ခရိုင်အတွင်းက မဲဆောက်ကို ပို့ဆောင်ပေးရမှာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ဆီမှာ ထွက်ဆိုခဲ့ပါတယ်။

 

သူဟာ မဲဆောက်နယ်စပ်ကို တရုတ်နိုင်ငံသားတွေကို အကြိမ်ကြိမ် ပို့ဆောင်ပေးခဲ့ဖူးပြီး ခရီးတစ်ကြောင်းကို ဘတ်သုံးထောင်ရတယ်လို့လည်း ဆက်ပြောပါတယ်။

 

တရုတ်နိုင်ငံသားသုံးဦးကတော့ သူတို့တွေဟာ ကမ္ဘောဒီးယားက လာကြတာဖြစ်ပြီး တာ့ခ်ခရိုင်ကို ခရီးမဆက်ခင်မှာ သုဝဏ္ဏဘူမိလေဆိပ်အနီးက ဟိုတယ်တစ်ခုမှာ တည်းခိုခဲ့တယ်လို့ ထွက်ဆိုကြပါတယ်။ သူတို့တွေဟာ မဲဆောက်ကနေတစ်ဆင့် ကားပြောင်းစီးပြီး မြန်မာနိုင်ငံထဲကို ဝင်ရောက်ဖို့ အစီအစဉ်ချထားတယ်လို့လည်း ဆက်ပြောပါတယ်။

 

ဆင်းကတ်တွေကတော့ သူတို့တွေရဲ့ သူငယ်ချင်းတစ်ဦးက ပိုင်တာဖြစ်တယ်လို့ အဲဒီသုံးယောက်က ထွက်ဆိုတယ်လို့ ရဲမှူးချုပ် ကွန်ခရစ်က ပြောပါတယ်။

 

ဓာတ်ပုံ – Police Photo

 

ကိုးကား -Bangkok Post