ဘန်ကောက်တွင် မြန်မာလူမှုကူညီရေးအဖွဲ့ အလှူခံငွေဖလားကိုင်ဆောင်သည်ဟုဆိုကာ ထိုင်းရဲဖမ်း

Published on Apr 11, 2024

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် တော်လှန်ရေးအတွက် အလှူခံနေသောအဖွဲ့ကို ငွေဖလားကိုင်ဆောင်သည် ဆိုသောအကြောင်းပြချက်ဖြင့် ထိုင်းရဲများက ယနေ့ ဧပြီ ၁၁ ရက်က ဖမ်းဆီးခဲ့ကြောင်း ၎င်းအဖွဲ့နှင့် နီးစပ်သူ တစ်ဦးထံမှ သိရသည်။

 

မဒေါင်းရတီဦးဆောင်သော နဂါးနီလူမှုကူညီရေးအသင်းသည် စစ်ဘေးရှောင်နှင့် ဘန်ကောက်ရောက် မြန်မာအလုပ်သမားများကို အဓိက ကူညီပေးနေသူများဖြစ်ပြီး ၎င်းငါးဦးအဖွဲ့ကို ထိုင်းနိုင်ငံ၊ အစ်ကချိုင်၊ တလာဘန်းဘော ၆၄/၇ လမ်း၌ ယနေ့ နံနက် ၉ နာရီခွဲခန့်တွင် ထိုင်းရဲများကဖမ်းဆီးခဲ့ကြောင်း အဖွဲ့ခေါင်းဆောင် မဒေါင်းရတီက CJ Platform သို့ပြောသည်။

 

“အစ်မတို့က အလှူခံထွက်တာဆိုတော့ ငွေဖလားနဲ့ ဆောင်းဘောက်အသေးလေးတစ်ခုပါတယ်။ အသံက မဆူပါဘူး။ တိုးတိုးပဲ။ ဘာလို့ဖမ်းတာလဲမေးတော့ ငွေဖလားကိုင်ဆောင်လို့ ဖမ်းတာ” ဟု မဒေါင်းရတီက CJ Platform သို့ပြောသည်။

 

ဖမ်းဆီးခံရသူ ငါးဦးကို နံနက် ၁၁ နာရီခန့်တွင် ဘတ် ၃၀၀၀ ဖြင့်ပြန်ရွေးခဲ့ရကြောင်း သိရသည်။

 

နဂါးနီလူမှုကူညီရေးအသင်းကို ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ စတင်တည်ထောင်ခဲ့ပြီး ထိုင်းနိုင်ငံသို့ရောက်ရှိလာသော မြန်မာရွှေ့ပြောင်းအလုပ်သားများကို ကူညီပေးခြင်းများအပြင် စစ်ဘေးရှောင်များနှင့် တော်လှန်ရေးအတွက် အဓိကထားလှူဒါန်းကြောင်း သိရသည်။

 

ထိုင်းရဲများသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်မှစ၍ ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများကို အထောက်အထားမပြည့်စုံခြင်းနှင့် အကြောင်းမျိုးစုံပြ၍ ဖမ်းဆီးမှုများရှိသည့်အပြင် တော်လှန်ရေးဆိုင်ရာဆောင်ရွက်မှုအချို့ကိုလည်း မကြာခဏ ဖမ်းဆီးခြင်းမျိုး ပြုလုပ်လေ့ရှိသည်။

 

ဓာတ်ပုံ- ပေးပို့