အားလုံးပါဝင်တဲ့ အသွင်ကူးပြောင်းရေးအစိုးရဖွဲ့စည်းဖို့ ဆီးရီးယားတော်လှန်ရေးအဖွဲ့ကို ကန်တိုက်တွန်း
လက်ရှိအိမ်ဖြူတော်အုပ်ချုပ်ရေးအဖွဲ့က ဆီးရီးယား သမ္မတ ဘာရှား အယ်လ်အာဆတ်ကို ဖြုတ်ချနိုင်ခဲ့တဲ့ တော်လှန်ရေးအဖွဲ့ကို နိုင်ငံရဲ့ဦးဆောင်မှုကို အလိုအလျောက် ရယူတာမျိုးမလုပ်ဖို့နဲ့ အားလုံးပါဝင်တဲ့ အသွင်ကူးပြောင်းရေး အစိုးရဖွဲ့စည်းဖို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။
ဒီအကြောင်း အမေရိကန်အရာရှိနှစ်ဦးနဲ့ လွှတ်တော်လက်ထောက်တစ်ဦးတို့ရဲ့ ပြောဆိုမှုကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ရေးသားဖော်ပြထားချက်အရ သိရတာဖြစ်ပါတယ်။
ဒါဟာ အယ်လ်ကိုင်ဒါနဲ့ ဆက်နွယ်လို့ အမေရိကန်က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ ဆီးရီးယားအဖွဲ့ Hayat Tahrir al-Sham(HTS)ကို အမေရိကန်ဘက်က ပထမဆုံးပြောဆိုမှုလုပ်ဆောင်တာဖြစ်ပါတယ်။
ဒါ့အပြင် တူရကီအပါအဝင် အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်း မဟာမိတ်တွေနဲ့လည်း ညှိနှိုင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဂျိုးဘိုင်ဒင်ရဲ့ အုပ်ချုပ်ရေးအဖွဲ့ဟာ အခုကိစ္စနဲ့ပတ်သက်ပြီး သမ္မတသစ်ဖြစ်လာမယ့် ဒေါ်နယ်ထရမ့်ရဲ့ အဖွဲ့နဲ့လည်း ဆက်သွယ်တာတွေ လုပ်နေတယ်လို့ အရာရှိတစ်ဦးက ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ပြုလုပ်ခဲ့တဲ့ ဆွေးနွေးမှုတွေဟာ ဆီးရီးယားမှာ အာဆတ်အစိုးရ ရုတ်တရက် ပြုတ်ကျသွားပြီးနောက် ရှုပ်ထွေးနေတဲ့အခြေအနေကို ဖြေရှင်းဖို့ကြိုးပမ်းတဲ့အနေနဲ့ ဆီးရီးယားမှာရှိတဲ့ အဖွဲ့အစည်းအမျိုးမျိုးနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ အမေရိကန်ဘက်က လုပ်ဆောင်လာတာဖြစ်ပါတယ်။
အမည်မဖော်လိုတဲ့ အရာရှိတစ်ဦးကတော့ နိုင်ငံအတွက် တရားဝင်အုပ်ချုပ်မှုပုံစံ ဖွဲ့စည်းတည်ထောင်ဖို့ အစောပိုင်း ကြိုးပမ်းမှုတွေကိုလည်း လမ်းညွှန်ကူညီဖို့ အမေရိကန်က HTS အဖွဲ့ဆီကို စာတွေ ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။
သတင်းစကားတွေကို တိုက်ရိုက်ပေးပို့တာလား ဒါမှမဟုတ် ကြားခံကနေ တဆင့် ပို့တာလားဆိုတာကိုတော့ သတင်းရင်းမြစ်တွေက ပြောဆိုဖို့ ငြင်းဆန်ကြပါတယ်။
အသွင်ကူးပြောင်းရေးအစိုးရဟာ ဆီးရီးယားပြည်သူတွေရဲ့ဆန္ဒကို ကိုယ်စားပြုသင့်ပြီး ခေါင်းဆောင်အသစ်တွေ ရွေးချယ်ဖို့ တရားဝင်လုပ်ငန်းစဉ်တွေမရှိဘဲ HTS ကပဲ ထိန်းချုပ်တာမျိုးကို အမေရိကန်က လက်ခံမှာမဟုတ်ဘူးလို့ အရာရှိတွေက ပြောဆိုပါတယ်။
အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီကတော့ အခုလို ဆက်သွယ်ပြောဆိုခဲ့မှုနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆိုပါတယ်။
အမေရိကန်ဟာ ၂၀၁၃ ခုနှစ်မှာ HTS ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ အာမက်အယ်လ်ရှာရာ(ခ)အဘူမိုဟာမက် အယ်လ် ဂိုလာနီကို အကြမ်းဖက်သမားအဖြစ် သတ်မှတ်ခဲ့ပြီး အီရတ်မှာရှိတဲ့ အယ်လ်ကိုင်ဒါအဖွဲ့က သူ့ကို အာဆတ်ရဲ့ အုပ်ချုပ်မှုကို ဖြုတ်ချဖို့နဲ့ ဆီးရီးယားမှာ ပြင်းထန်တဲ့ အစ္စလာမ်မစ် ရှရီယာဥပဒေ ထူထောင်ဖို့ တာဝန်ပေးအပ်ထားတာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
ဒါ့အပြင် HTS ရဲ့ အရင်အဖွဲ့အစည်းဖြစ်တဲ့ Nusra Front အဖွဲ့ဟာ အရပ်သားတွေကို သေဆုံးစေတဲ့ အဖျက်အမှောင့်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီး အကြမ်းဖက်တဲ့ အမြင်ကို ထောက်ခံထားတယ်လို့လည်း ဖော်ပြပါတယ်။
ဘိုင်ဒင်ရဲ့ အုပ်ချုပ်ရေးအဖွဲ့ဟာ နောင်လာမယ့် ဆီးရီးယားအစိုးရအဖွဲ့မှာ ဂိုလာနီရဲ့ အခန်းကဏ္ဍ ဒါမှမဟုတ် သူဟာ အစွန်းရောက်ဝါဒတွေ ဆက်လက်ကိုင်စွဲထားခြင်း ရှိမရှိဆိုတဲ့ ကိစ္စတွေကို ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ အရာရှိတစ်ဦးက ပြောဆိုပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကလည်း ဆီးရီးယားရဲ့ နိုင်ငံရေး အသွင်းကူးပြောင်းမှုအတွက် စံသတ်မှတ်ချက်တွေကို ချမှတ်ခဲ့သလို ယုံကြည်စိတ်ချရတဲ့၊ အားလုံးပါဝင်တဲ့၊ ဂိုဏ်းဂဏကင်းတဲ့ အုပ်ချုပ်ရေးအဖွဲ့ဖြစ်တဲ့ အနာဂတ် ဆီးရီးယားအစိုးရအဖွဲ့ကို အသိအမှတ်ပြုမယ်လို့ ယမန်နေ့ ဒီဇင်ဘာ ၁၀ ရက်နေ့က ပြောဆိုပါတယ်။
အမေရိကန်လွှတ်တော်မတ်တချို့ကလည်း အမေရိကန်ရဲ့ တောင်းဆိုချက်တွေကို လိုက်နာစေဖို့အတွက် HTS နဲ့သက်ဆိုင်တဲ့ ပိတ်ဆို့အရေးယူမှုတွေအပါအဝင် ဆီးရီးယားအပေါ် ချမှတ်ထားတဲ့ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ရုတ်သိမ်းဖို့ စဉ်းစားသင့်တယ်လို့ ဘိုင်ဒင်ရဲ့ အုပ်ချုပ်ရေးအဖွဲ့ကို တိုက်တွန်းခဲ့တယ်လို့ လွှတ်တော်လက်ထောက်က ရိုက်တာသတင်းဌာနကကို ပြောဆိုပါတယ်။
ဒါ့အပြင် ဆီးရီးယားရဲ့ အသွင်ကူးပြောင်းရေးအစိုးရကို ကမ္ဘာ့စီးပွားရေးနဲ့ ချိတ်ဆက်ဖို့နဲ့ နိုင်ငံကို ပြန်လည်တည်ဆောက်ဖို့ အမေရိကန်ရဲ့ အကူအညီလိုအပ်နေတယ်လို့ လွှတ်တော်အမတ် အများစုက ယူဆနေကြပြီး ပိတ်ဆို့အရေးယူမှုတွေက ကူညီပေးဖို့ကို ဟန့်တားနေတယ်လို့လည်း ၎င်းက ဆက်ပြောပါတယ်။
အမေရိကန်ဟာ မြေပြင်စစ်ဆင်ရေးကိစ္စတွေနဲ့ ပတ်သက်ပြီး HTS နဲ့ အခြားသက်ဆိုင်သူတွေကိုပါ ဆက်သွယ်နေတယ်လို့လည်း အရာရှိတစ်ဦးက ပြောဆိုပါတယ်။
အဆင့်မြင့် အမေရိကန်အရာရှိတွေကတော့ ဆီးရီးယားမှာ လက်ရှိအုပ်ချုပ်သူ ကင်းမဲ့နေတဲ့ အခြေအနေကြောင့် အစွန်းရောက်အဖွဲ့တွေရဲ့ ခြိမ်းခြောက်မှုတွေ ထပ်ပြီးဖြစ်မလာစေဖို့အတွက် ဆီးရီးယား အရှေ့မြောက်ဘက်မှာ အစ္စလာမ်မစ်အစွန်းရောက်အဖွဲ့ ISIS ကို တိုက်ခိုက်မယ့် စစ်ဆင်ရေးတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ထပ်ကာထပ်ကာ ပြောဆိုပါတယ်။
တခြားအရာရှိတစ်ဦးကတော့ အီရန်ကျောထောက်နောက်ခံပြုထားတဲ့အဖွဲ့တွေ အခြေစိုက်ခြေကုပ်ယူလှုပ်ရှားမှုတွေကို တားဆီးဖို့ ဆီးရီးယားမှာရှိတဲ့ အမေရိကန်တပ်တွေက ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။
ဓာတ်ပုံ – REUTERS/Mahmoud Hassano/File Photo
ပုံစာ – ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကတ်ကို သိမ်းယူလိုက်နိုင်ပြီးနောက် ဒမတ်စကတ်မြို့က အန်မရဒ်(Ummayad)ဗလီမှာ လူထုကို မိန့်ခွန်းပြောကြားနေတဲ့ HTS အဖွဲ့ခေါင်းဆောင် ဂိုလာနီကို ဒီဇင်ဘာ ၉ ရက်နေ့က တွေ့မြင်ရစဉ်
ကိုးကား – Reuters