သာကေတမှာ မီးလောင်မှုကြောင့် မိန်းကလေးငယ်တစ်ဦး သေဆုံး

Author ကိုထက်
Categories
Published on Jul 10, 2024

ရန်ကုန်မြို့၊ သာကေတမြို့နယ်မှာ ဒီကနေ့ ဇူလိုင်လ ၁၀ ရက် မနက်ပိုင်းကဖြစ်ပွားတဲ့ နေအိမ်မီးလောင်မှုထဲ မိန်းကလေးငယ်တစ်ဦး သေဆုံးတယ်လို့ သာကေတမြို့နယ် လူမှုကူညီရေးအသင်းထံမှ သိရပါတယ်။

 

ယနေ့ မနက် ၇ နာရီဝန်းကျင်က အနော်မာ ၁ ရပ်ကွက် တပ်ဖွဲ့ဝင်လမ်းရှိ နှစ်ထပ်အိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့တာပါ။

“ရှစ်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အထဲမှာပိတ်မိပြီး မီးခိုးမွှန်သေဆုံးခဲ့တာပါ။ မီးများတော့ အချိန်မီမကယ်လိုက်နိုင်ဖြစ်သွားတယ်” လို့ သာကေတမြို့နယ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

သေဆုံးသူကလေးငယ်ရဲ့ ရုပ်အလောင်းကို စံပြဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။

 

“ကလေးက အထဲကနေ အော်နေတာတဲ့။ ပိတ်မိတဲ့သဘောဖြစ်မယ်။ မီးလောင်တာက မကြာလိုက်ဘူး။ တိုက်အမြင့်တွေလည်း ရှိနေတော့ ဘေးအိမ်တွေကို မီးမကူးတာ” လို့ အနော်မာ ၁ ရပ်ကွက်မှာ နေထိုင်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဒီကနေ့ မနက် ၇ နာရီ ၂၁ မိနစ်ခန့်မှာ ရန်ကုန်တိုင်း‌၊ သာကေတမြို့နယ်၊ ၁/အနော်မာရပ်ကွက်၊ တပ်ဖွဲ့လမ်းတွင် နေအိမ်မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိလို့ အရှေ့ပိုင်းခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ငါးစီး၊ သာကေတမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် သုံးစီး၊ ဒေါပုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် တစ်စီးတို့ဖြင့် ထွက်ခွာငြှိမ်းခဲ့ရတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – သာကေတမြို့နယ် လူမှုကူညီရေးအသင်း