မြန်မာ-အိန္ဒိယ အဓိကကုန်သွယ်ရေးတံတားကို စစ်ကောင်စီက ဖောက်ခွဲဖျက်ဆီး

Author ဆလိုင်း
Categories
Published on Jun 10, 2024

ချင်းပြည်၊ တီးတိန်မြို့နယ်က မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးမှာ အဓိကကျတဲ့ မံဆောင်းတံတားကို စစ်ကောင်စီက မိုင်းနဲ့ ဖောက်ခွဲဖျက်ဆီးလိုက်တယ်လို့ အဲဒီက ဒေသခံတွေဆီကနေ သိရပါတယ်။

 

လမ်ဇန်နဲ့ လိုင်တွီးကျေးရွာကြားမှာ တည်ရှိတဲ့ မံဆောင်းတံတားဟာ အိန္ဒိယ-မြန်မာ အမှတ် (၂) နယ်စပ်ကုန်သွယ်ရေးစခန်းအတွက် အဓိက အသုံးပြုတဲ့တံတားလည်းဖြစ်ပါတယ်။

 

အဲဒီတံတား ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့၊ မနက်ပိုင်းမှာ ဖောက်ခွဲဖျက်ဆီးခံလိုက်ရပြီးနောက် တံတားဟာ လုံးဝအသုံးပြုလို့မရတော့တဲ့အထိ ကျိုးကျပျက်စီးသွားတာဖြစ်တယ်လို့ တီးတိန် ဒေသခံတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

“မနက်အစောပိုင်းမှာ စစ်သားတွေ ရွာထဲရောက်လာပြီး မနက် ၁၀ နာရီလောက်မှာ တံတားကို မိုင်းနဲ့ ဖောက်ခွဲလိုက်တာပါ။ အခု အဲဒီတံတားက အသုံးပြုလို့ မရတော့ဘူး။ တံတားက ကလေး-တီးတိန်-ရိဒ်ခေါဒါရ် စတဲ့ မြို့တွေကို ဆက်သွယ်ထားပြီး အိန္ဒိယဘက်က ကုန်ပစ္စည်းတွေကို အဓိက တင်သွင်းတဲ့ လမ်းကြောင်းပေါ်မှာရှိတဲ့ တံတားလည်းဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

 

အဲဒီ မံဆောင်းတံတားကို ၂၀၂၀ ခုနှစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအစိုးရနဲ့ ချင်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းပြီး တည်ဆောက်ခဲ့တာဖြစ်ကာ နှစ်လမ်းသွား သံကူကွန်ကရက်ကြိုးတံတား အမျိုးအစားလည်းဖြစ်ပါတယ်။

 

ဒါအပြင် စစ်ကောင်စီတပ်တွေဟာ မံဆောင်းတံတားအနီးက လမ်ဇန်ကျေးရွာကိုလည်း သေနတ် ဆယ်ချက်ထက်မနည်း မိုးပေါ်ပစ်ဖောက်ပြီး ဝင်ရောက်စီးနင်းကာ ဒေသခံ လူငယ်တွေကိုလည်း နာရီပိုင်းအကြာထိ ဖမ်းဆီးချုပ်နှောင်ထားခဲ့တယ်လို့ အထက်ပါ ဒေသခံအမျိုးသားက ပြောပါတယ်။

 

“စစ်သားတွေက သေနတ် မိုးပေါ်ထောင်ပစ်ပြီး ရွာထဲကို ဝင်လာတာပါ။ ရွာထဲက လူငယ်တွေကိုလည်း ဖမ်းဆီးပြီး အိမ်တစ်အိမ်မှာ ဖမ်းဆီးထားပါတယ်။ တံတားဖောက်ခွဲပြီးအပြန်မှာ စစ်သားတွေက ပြန်လွှတ်ပေးတယ်” လို့ သူက ဆိုပါတယ်။

 

လမ်ဇန်ကျေးရွာဟာ တီးတိန်မြို့နဲ့ ၃ မိုင်လောက်သာ ကွာဝေးပြီး တီးတိန်-ကလေး ကားလမ်းမပေါ်မှာ တည်ရှိတဲ့ ကျေးရွာဖြစ်ပါတယ်။

 

တီးတိန်မြို့မှာ ပြီးခဲ့တဲ့ တစ်ပတ်လောက်ကစပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ပေမဲ့ လက်ရှိအချိန်မှာ ပစ်ခတ်သံတွေ မရှိတော့ဘဲ ငြိမ်သက်နေတယ်လို့ သိရပါတယ်။

 

အဲဒီ တိုက်ပွဲတွင်း စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် အရပ်သား နေအိမ် ၈၀ ထက်မနည်း မီးလောင်ပြာကျသွားတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ-ဒေသခံ

 

ပုံစာ-စစ်ကောင်စီ ဖောက်ခွဲဖျက်ဆီးခြင်းခံရတဲ့ မံဆောင်းတံတား