ဗီယက်နမ် နာမည်ကြီးသတင်းထောက် လူမှုကွန်ရက်မှာတင်တဲ့စာကြောင့် ဖမ်းဆီးထိန်းသိမ်းခံရ

Author အဂ္ဂ
Categories
Published on Jun 10, 2024

ဗီယက်နမ်နိုင်ငံရဲ့ အထင်ရှားဆုံးသတင်းထောက်တစ်ဦးကို ကိုယ်ပိုင်လူမှုကွန်ရက် ဖေ့ဘွတ်ခ်မှာတင်တဲ့စာကြောင့် အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ နိုင်ငံတကာသတင်းဌာတွေမှာ ဖော်ပြချက်အရ သိရပါတယ်။

 

“နိုင်ငံတော်ရဲ့ အကျိုးစီးပွား၊ အဖွဲ့အစည်းတွေနဲ့ လူတစ်ဦးချင်းစီရဲ့ တရားဝင်အခွင့်အရေးနဲ့ အကျိုးစီးပွားတွေကို ထိပါးခဲ့တာကြောင့်” ဒီမိုကရေစီလွတ်လပ်ခွင့်ကို အလွဲသုံးစားလုပ်ခဲ့တယ်ဆိုတဲ့ စာသားကြောင့် ဖမ်းဆီးထိန်းသိမ်းခဲ့တာလို့ နိုင်ငံခြားသတင်းဌာနတွေမှာ ရေးသားကြပါတယ်။

 

ကလောင်နာမည် ဟွိုင်ဒက်(Huy Duc)လို့ လူသိများထင်ရှားတဲ့ သတင်းထောက်ဖြစ်သူ ထရွန်ဟွိုင်ဆန်(Truong Huy San)ကို ပြီးခဲ့တဲ့ အပတ်တုန်းက ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်တယ်လို့ ဗီယက်နမ်က နာမည်ကြီး ဘလော့ဂါတစ်ဦးက ဆိုပါတယ်။

 

ဒီဖမ်းဆီးမှုအတွက် အာဏာပိုင်တွေဘက်က တစ်စုံတစ်ရာ အတည်ပြုပြောကြားတာမျိုးမရှိသေးပေမဲ့ သောကြာနေ့ ဇွန် ၇ ရက်မှာတော့ နိုင်ငံပိုင်မီဒီယာကနေ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဟွိုင်ဆန်ကို သူ့ရဲ့ လူမှုကွန်ရက်မှာတင်ခဲ့တဲ့ Post အတွက် စုံစမ်းစစ်ဆေးနေတယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ဘယ် Post က ဘယ်အကြောင်းအရာကို စစ်ဆေးနေတယ် ဆိုတာမျိုးကိုတော့ အသေးစိတ်ဖော်ပြခဲ့ခြင်းတော့ မရှိပါဘူး။

 

ဆန်ရဲ့ ဖမ်းဆီးခံရမှုဟာ အခြားသော သတင်းထောက်တွေအတွက် နိမိတ်မကောင်းတဲ့ လက္ခဏာတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ ဗီယက်နမ်နိုင်ငံရဲ့ အာဏာရ ကွန်မြူနစ်ပါတီဟာ သူတို့နဲ့ သဘောထားကွဲလွဲတဲ့ သတင်းထောက်တွေကို မကြာခဏ ပစ်မှတ်ထားနှိမ်နင်းလေ့ရှိနေတာကလည်း အတော်ကြာနေဖြစ်တယ်လို့ သိရပါတယ်။

 

ဒါပေမဲ့ ဆန်ဟာ အစိုးရကိုဝေဖန်ထောက်ပြတဲ့ ဆောင်းပါးတွေကို ရေးသားပြီး သူ့ရဲ့လွတ်လပ်တဲ့ အတွေးအခေါ်ကို ထုတ်ဖော်ပြောဆိုခွင့်ရနေခဲ့တာ နှစ်အတော်ကြာပါပြီ။ နိုင်ငံရဲ့ ထိပ်တန်းအရာရှိတွေနဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်လို့ ယူဆခံထားရပေမဲ့ လက်ရှိအချိန်မှာတော့ သူ့အဆက်အသွယ်တွေရဲ့ အကာအကွယ်ပေးမှုကို မရနိုင်တော့ပါဘူး။

 

ဆန်ရဲ့ အမှုဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အတိုင်းအတာနဲ့ နယ်ပယ်တိုးချဲ့ပြီး လုပ်ဆောင်လာနေတဲ့ အရပ်ဘက်လူ့အဖွဲအစည်းတွေကို ကျယ်ကျယ်ပြန့်ပြန့်ဖိနှိပ်ချုပ်ချယ်ခြင်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဆိုပါတယ်။

 

ဆန် ကျူးလွန်တယ်လို့ စွပ်စွဲခံထားရတဲ့အမှုဟာ အစိုးရကို ဝေဖန်ထောက်ပြသူတွေ အာဏာပိုင်တွေက မကြာခဏ ပုဒ်မတပ်စွဲဆိုလေ့ရှိတဲ့ “အလွန်ကျယ်ပြန်တဲ့” ဥပဒေ ပုဒ်မတစ်ခုလည်း ဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Human Right Watch က ပြောပါတယ်။

 

“ဟွိုင်ဒက်က ဗီယက်နမ်မှာ ဩဇာအကြီးဆုံး သတင်းထောက်တစ်ယောက်ပါ။ သူအဖမ်းခံလိုက်ရတာက သတင်းလွတ်လပ်ခွင့်အတွက် စိုးရိမ်စရာကောင်းတဲ့ တိုက်ခိုက်ခံရမှုတစ်ခုဖြစ်ပြီး ဒါဟာ ပြုပြင်ပြောင်းလဲရေး သမားတွေကို ဆက်တိုက်ဖြိုခွင်းနေမှုရဲ့ နောက်ဆုံးဖမ်းဆီးခံရမှုလည်းဖြစ်ပါတယ်။” လို့ ဗီယက်နမ်မှာ လူ့အခွင့်အရေးကိစ္စတွေကို အဓိကထားလုပ်ဆောင်နေတဲ့ အမေရိကန်အခြေစိုက် အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ 88 Project ရဲ့ ဒါရိုက်တာဖြစ်သူ ဘန်ဆွမ်တန်(Ben Swanton)က ပြောပါတယ်။

 

နယ်စည်းမခြားသတင်းထောက်များအဖွဲ့၊ ဂျာနယ်လစ်များ ကာကွယ်စောင့်ရှောက်ရေးကော်မတီနဲ့ PEN America အဖွဲ့တွေက ဆန်ကို ပြန်လွှတ်ပေးဖို့ ဗီယက်နမ်အစိုးရကို တောင်းဆိုထားပါတယ်။

 

ဗီယက်နမ်နိုင်ငံပိုင်သတင်းစာက ဆန်ကိုဖမ်းဆီးခဲ့ကြောင်းကြေညာချက်မှာ ဆန်နဲ့ ပုဒ်မအတူတူတပ်ပြီး စွပ်စွဲခံထားရတဲ့ ရှေ့နေ ထရန်ဒင်းထွီယန်(Tran Dinh Trien)ကို ဖမ်းဆီးခဲ့တယ်လို့လည်း ဖော်ပြခဲ့ပါတယ်။ သူဟာ  Hanoi Bar Association ရဲ့ လက်ထောက်ဒါရိုက်တာဟောင်းလည်းဖြစ်ပြီ ထင်ရှားကျော်ကြားတဲ့ ဥပဒေရေးရာကိစ္စတွေမှာ အမှုသည်အများအပြားအတွက် လိုက်ပါဆောင်ရွက်ပေးခဲ့သူလည်းဖြစ်ပါတယ်။ သူ့ကိုလည်း လူမှုကွန်ရက် Facebook မှာတင်ခဲ့တဲ့ Post တွေကြောင့်ပဲ ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

အသက် (၆၂)နှစ်အရွယ် ဆန်ဟာ ဇွန် ၁ ရက်နေ့မှာ ပျောက်သွား(ဖမ်းဆီးထိန်းသိမ်းခံရ)ပြီးတဲ့နောက် နောက်လိုက်(Follower)သုံးသိန်းခွဲရှိတဲ့ သူ့ရဲ့ Facebook Account လည်း ပိတ်သွားခဲ့သလို တင်ထားသမျှ ပို့စ်တွေလည်း ဖယ်ရှားခံလိုက်ရပါတယ်။

 

88 Project က သိမ်းထားခဲ့တဲ့ Screenshots တွေမှာတော့ မေ ၂၆ ရက်မှာ ဆန်ဟာ ရဲတွေကို ရည်ရွယ်ပြီး “ကြောက်စိတ်ကို အခြေခံထားတဲ့ တိုင်းပြည်ဟာ ဖွံ့ဖြိုးတိုးတက်မှု မရှိနိုင်ဘူး” ဆိုတဲ့ ခေါင်းစီးနဲ့ ပို့စ်တင်ထားခဲ့တာကို တွေ့ရပါတယ်။ ဆန်ဟာ မကြာသေးခင်က အသစ်ခန့်အပ်ခံထားရတဲ့ သမ္မတ တိုလမ်(To Lam)ဦးဆောင်တဲ့ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနရဲ့ အာဏာစုစည်းမှုကို ဝေဖန်ထောက်ပြခဲ့တာလို့လည်း သိရပါတယ်။

 

မေလ ၂၈ ရက်နေ့မှာဆိုရင်လည်း ဆန်ဟာ ဗီယက်နမ်ရဲ့ အင်အားကြီးကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင် ငုယင်ဖူထရွန် (Nguyen Phu Trong)ကနေစပြီး လုပ်ခဲ့တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ဝေဖန်ထောက်ပြထားတဲ့ ဆောင်းပါးတစ်ပုဒ်ကိုလည်း ထပ်ပြီးတင်ခဲ့ပါတယ်။

 

အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ဖို့အတွက်ဆိုရင် အကျင့်ပျက်ခြစားနေတဲ့ အဆင့်မြင့်အရာရှိတွေကို ရာထူးကဖယ်ရှားတာမျိုးထက် အဖွဲ့အစည်းတစ်ခုလုံး (Institution)ကနေစပြီး လုပ်ဆောင်ဖို့ လိုအပ်နေတာ ဖြစ်တယ်လို့ ဆန်က ဝေဖန်ထောက်ပြခဲ့တာပါ။

 

၂၀၁၆ ခုနှစ်မှာ ထရွန်ဟာ ပါတီကို သန့်စင်ဖို့နဲ့ မကောင်းတဲ့အမြစ်တွေ (အကျင့်ပျက်ခြစားမှုတွေ)ကို အမြစ်ဖြတ်ဖို့ဆိုတဲ့ ကြွေးကြော်ချက်နဲ့ “ချစ်ချစ်တောက်ပူနေတဲ့ မီးပြင်းဖို” (Blazing Furnace)လှုပ်ရှားမှုကို စတင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလှုပ်ရှားမှုကြောင့် ပုံမှန်မဟုတ်တဲ့ အဆင့်မြင့်အရာရှိကြီးတွေရဲ့ နုတ်ထွက်မှုတွေ  အများအပြား ဖြစ်ခဲ့ပြီး ဗီယက်နမ်နိုင်ငံကို ပိုပြီးပဲ ပျက်စီးစေခဲ့ပါတယ်။

 

“အကယ်၍ ထရွန်က နိုင်ငံကို ပိုပြီးဒီမိုကရေစီဆန်တဲ့ နိုင်ငံဖြစ်လာစေမယ့် နိုင်ငံရေးလမ်းပြမြေပုံကို မပြနိုင်ခဲ့ဘူးဆိုရင် သူ့ရဲ့ ဖြုတ်၊ ထုတ်လုပ်တဲ့ ရှင်းလင်းမှုဟာ အဓိပ္ပာယ်မရှိပါဘူး” လို့ ဆန်က မေလ ၂၈ ရက်မှာ ရေးသားခဲ့တာလည်းဖြစ်ပါတယ်။

 

ဆန် ဟာ ၂၀ဝ၅-ဝ၆ ခုနှစ်မှာ Maryland တက္ကသိုလ်မှာ ပညာသင်ကြားဖို့အတွက် Hubert H. Humphrey Fellowship ကိုလည်း ရရှိခဲ့သူဖြစ်ပါတယ်။ ၂၀ဝ၆ ခုနှစ်မှာ ဗီယက်နမ်ကို ပြန်ရောက်လာပြီးတဲ့နောက် လူမှုရေးနဲ့ နိုင်ငံရေးသုံးသပ်ချက်တွေ ရေးသားတဲ့ နာမည်ကြီးဘလော့ဂ်တစ်ခုကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီ ဘလော့ဂ်ကိုတော့ အာဏာပိုင်တွေက ၂၀၁၀ ခုနှစ်မှာ ပိတ်ပစ်ခဲ့ပါတယ်။

 

၂၀၁၂ ခုနှစ်မှာတော့ ဆန်က ဟားဗက်တ်တက္ကသိုလ်မှာ Nieman Fellowship နဲ့ တစ်နှစ်ပညာသင်ကြားခဲ့ပြီး အဲဒီအတောအတွင်းမှာပဲ “The Winning Side” လို့ နာမည်ပေးထားတဲ့ စစ်ပြီးခေတ်ဗီယက်နမ်ရဲ့ အခြေအနေတွေအကြောင်းစာအုပ်ကို ရေးခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံမှာ ပိတ်ပင်ခံထားရတဲ့ အဲဒီစာအုပ်က စစ်ပြီးခေတ် ဗီယက်နမ်ရဲ့ နိုင်ငံရေးနဲ့ သမိုင်းကို လေ့လာတဲ့နေရာမှာ ခိုင်မာတဲ့ အထောက်အထားအဖြစ် အများစုရဲ့ သတ်မှတ်ခြင်းကိုလည်း ခံခဲ့ရပါတယ်။

 

နယ်စည်းမခြားသတင်းထောက်များအဖွဲ့ကထုတ်ပြန်တဲ့ ၂၀၂၄ ခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အညွှန်းကိန်း စာရင်းတွေအရ ဗီယက်နမ်နိုင်ငံဟာ နိုင်ငံပေါင်း (၁၈၀) မှာ အဆင့် (၁၇၄) နေရာမှာ ရှိနေခဲ့တာကိုလည်း တွေ့ရပါတယ်။

 

ပြီးခဲ့တဲ့ ဒီဇင်ဘာအထိ သတင်းထောက်ပေါင်း(၁၉)ဦးကို ဖမ်းဆီးထိန်းသိမ်းထားတဲ့အတွက် ဗီယက်နမ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ သတင်းထောက်တွေကို ဖမ်းဆီးထောင်ချတဲ့ ပဉ္စမမြောက်အဆိုးရွားဆုံး နိုင်ငံဖြစ်တယ်လို့ သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေးကော်မတီရဲ့ အချက်အလက်တွေအရ သိရပါတယ်။

 

ဓာတ်ပုံ- Nga Pham’s X

 

ကိုးကား- The New York Times