မတ္တရာတွင် လက်နက်ကြီးထိ၍ ကလေးငယ် ၂ ဦးအပါအဝင် ဒေသခံ ၄ ဦးသေဆုံး
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သုံးဆယ်ပေးကျေးရွာတွင် အထိုင်ချထားသော စစ်ကောင်စီတပ်သည် ဧပြီလ ၈ ရက်မှစ၍ ယနေ့ ၁၀ ရက်အထိ လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်နေသောကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် ဒေသခံ လေးဦးသေဆုံးခဲ့ကြောင်း မတ္တရာ စစ်ရှောင်တာဝန်ခံက CJ Platform သို့ ပြောသည်။
လတ်တလော ရွှေချောင်းကျေးရွာတွင်ရောက်ရှိနေသော စစ်ကောင်စီတပ်သည် ဧပြီလ ၈ ရက် နံနက်ပိုင်းမှ ယနေ့နံနက်ပိုင်းအထိ ၈၁ မမ လက်နက်ကြီးများဖြင့် လေးကြိမ်ပစ်ခတ်ခဲ့သောကြောင့် အောက်တောင်ကိုင်းကျေးရွာရှိ နေရာသုံးခုသို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ၎င်းက ပြောသည်။
“တိုက်ပွဲမရှိဘဲ ပစ်ခတ်နေတာ။ မနေ့ကတော့ ရွှေဘောင်(ရွာ)ကနေပစ်တာ ခုပိုနီးလာပြီ။ ရွှေချောင်း(ရွာ)ကနေ ပစ်တယ်။ ကလေးငယ် နှစ်ဦးအပါအဝင် အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး သေဆုံးတယ်။ တစ်ယောက်က ဒဏ်ရာရတယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။
သေဆုံးသူများမှာ မောင်ဖိုးသင်္ကြန်(၁၄)နှစ်၊ မောင်ရဲမင်းခန့်(၁၃)နှစ်၊ ဦးညွှန့်ခင်(၆၆)နှစ်နှင့် ဒေါ်ဝင်းစန်း(၄၉)နှစ်တို့ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ၏ အမည်နှင့် အသက်ကို မသိရှိရသေးကြောင်း အထက်ပါတာဝန်ခံက ပြောသည်။
စစ်ကောင်စီတပ်သည် ယနေ့နံနက်တွင် မတ္တရာမြို့ပေါ်မှ စစ်ကား ငါးစီးဖြင့် ရွှေချောင်းပျူကျေးရွာကို လာရောက်ကာ အင်အားဖြည့်တင်းထားကြောင်း သိရသည်။
ဧပြီလ (၈) ရက်နေ့ကလည်း စစ်ကောင်စီတပ်သည် မတ္တရာမြို့နယ်၊ ရွှေဘောင်ကျေးရွာမှ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သောကြောင့် ဟင်္သာကုန်းကျေးရွာရှိ ဒေသခံပြည်သူနေအိမ် နှစ်လုံးမီးလောင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ပေးပို့