ပဲခူးတိုင်းထဲက မြို့နယ်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်တိုက်
ပဲခူးတိုင်းထဲက ကျောက်တံခါး၊ အုတ်တွင်း၊ မင်းလှနဲ့ ကြို့ပင်ကောက်မြို့နယ်တို့မှာ စစ်အုပ်စုက ရွေးကောက်ပွဲအပိုင်း ၂ နဲ့ အပိုင်း ၃ ကို ဆက်လက်ကျင်းပဖို့ရှိနေချိန် တော်လှန်ရေးတပ်ဖွဲ့တွေက အဲဒီမြို့နယ်တွေထဲမှာရှိတဲ့ စစ်အုပ်စုတပ်စခန်းတွေကို အခု ဇန်နဝါရီလဆန်းပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

ပဲခူးတိုင်း အမှတ် ၂ စစ်ဆင်ရေးနယ်မြေထဲမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေရဲ့ မနေ့က ဇန်နဝါရီ ၉ ရက် ထုတ်ပြန်ချက်အရ ရွေးကောက်ပွဲ အပိုင်း ၂ မှာပါဝင်တဲ့ မင်းလှနဲ့ ကြို့ပင်ကောက်မြို့နယ်တို့က စစ်အုပ်စုတပ်စခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်တွေက အခု ဇန်နဝါရီ ၇ ရက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

ဒါ့အပြင် ရွေးကောက်ပွဲ အပိုင်း ၃ မှာပါဝင်တဲ့ ကျောက်တံခါးနဲ့ အုတ်တွင်းမြို့နယ်တို့က စစ်အုပ်စုတပ်စခန်းတွေကိုလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၉ နဲ့ ပဲခူးတိုင်း အမှတ် ၂ စစ်ဆင်ရေးနယ်မြေထဲမှာရှိတဲ့ PDF ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။

စစ်အုပ်စုက ရွေးကောက်ပွဲ အပိုင်း ၂ ကို မနက်ဖြန် ဇန်နဝါရီ ၁၁ ရက်မှာ ကျင်းပဖို့ရှိနေပြီး အပိုင်း ၃ ကိုတော့ လာမယ့် ဇန်နဝါရီ ၂၅ ရက်မှာ ဆက်လက်ကျင်းပဖို့ရှိနေပြီး ဒီအထဲမှာ ပဲခူးတိုင်းထဲက လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့မြို့နယ်တွေ ပါဝင်နေတာပါ။

စစ်ဆင်ရေးအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်မှာရှိတဲ့ ကျောက်တံခါးမြို့နယ် အောင်မြင်ကျေးရွာအုပ်စုထဲက တောကျွဲအင်းရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ ခေတ္တထိန်းချုပ်နိုင်ခဲ့သလို ရွေးကောက်ပွဲကော်မရှင်ရုံး၊ နယ်မြေရဲစခန်းနဲ့ အုပ်ချုပ်ရေးယန္တရား အဆောက်အအုံတွေကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲအပိုင်း (၂) မှာပါဝင်တဲ့ မင်းလှမြို့နယ် အုတ်တွင်းကျေးရွာ အုပ်ချုပ်ရေးမှူးရဲ့နေအိမ်ကို ဝင်ရောက်ရှင်းလင်းချိန် ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားတဲ့ မဲပုံးနဲ့ မဲစာရင်းတွေကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။
အခု ဇန်နဝါရီလဆန်းပိုင်း စစ်ဆင်ရေးအတွင်း KNLA ၊ PDF နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်အုပ်စုတပ်စခန်း ၁၄ ခုကို ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့ပြီး စစ်အုပ်စုဘက်က ၅၀ ထက်မနည်း သေဆုံးခဲ့သလို လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဓာတ်ပုံ – အမှတ် ၂ စစ်ဆင်ရေးနယ်မြေ
